MNDAA ကိုးကန့်အဖွဲ့ တည်ထောင်ခြင်းအနှစ် ၂၀ ပြည့်ပွဲ အပစ်ရပ်ခေါင်းများ တက်ရောက်

MNDAA ကိုးကန့်အဖွဲ့ တည်ထောင်ခြင်းအနှစ် ၂၀ ပြည့်ပွဲ အပစ်ရပ်ခေါင်းများ တက်ရောက်
ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မှ တော်လှန်ခွဲထွက်ခြင်း နှင့် မြန်မာတိုင်းရင်းသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် Myanmar National Democratic Alliance Army (MNDAA)  တည်ထောင်ခြင်း အနှစ် ၂၀ ပြည့် တရားဝင် အခမ်းအနားအားကို ကိုးကန့်မြို့တော် လောဝ်ကိုင်း၌ မနက်ဖြန်ကျင်းပမည် ...

ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မှ တော်လှန်ခွဲထွက်ခြင်း နှင့် မြန်မာတိုင်းရင်းသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် Myanmar National Democratic Alliance Army (MNDAA)  တည်ထောင်ခြင်း အနှစ် ၂၀ ပြည့် တရားဝင် အခမ်းအနားအားကို ကိုးကန့်မြို့တော် လောဝ်ကိုင်း၌ မနက်ဖြန်ကျင်းပမည်ဟု တရုပ်နယ်စပ် သတင်း ရပ်ကွက်ကဆိုသည်။

မတ်လ ၁၁-၁၃ အထိ ၃ ရက်ကြာကျင်းပမည့်အဆိုပါအခမ်းအနားသို့ ကိုးကန့်အဖွဲ့နည်းတူ ဗကပ ကိုတော်လှန် ခွဲထွက်ခဲ့ပြီး သီးခြားစီမရှေးမနှောင်း အပစ်ရပ်ခဲ့ကြသော အခြားအပစ်ရပ်အဖွဲ့အစည်းများမှ ကိုယ်စားလည်များ ခေါင်းဆောင်များလည်း တက်ရောက်သည်ဟု တရုပ်နယ်စပ်မှ အမည်မဖေါ်လိုသူလူလတ်ပိုင်း အမျိုးသား တဦးက ပြောပြသည်။

“မိုင်းလားအဖွဲ့က ၆၀ ကျော်လာတယ်။ ၀ အဖွဲ့လည်းအဲလောက်ဘဲ၊ နောက်ပြီး ကချင်အရာရှိတွေ တော်တော်များများ လာကြတယ်။ ၁၉၈၉ ကတည်းက ဖွဲ့ခဲ့တဲ့ ဒီမိုကရေစီနဲ့  ငြိမ်းချမ်းရေးတပ်ပေါင်းစု PDF အဖွဲ့ဝင် ၄ ဖွဲ့စလုံး က ခေါင်းဆောင် တွေစုံစုံညီညီတက်မယ်ထင်တယ်။ လတ်တလော နိုင်ငံရေးအခြေအနေ၊ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဘယ်လိုဆက်လက် လက်တွဲသွားမယ် ဆိုတဲ့ကိစ္စတွေ ဆွေးနွေးဖြစ်ကြမယ်ထင်တာဘဲ” ဟုဆို၏။

အစီအစဉ် အသေးစိပ်မသိရသေးသော်လည်း မတ်ချ်လ ၁၂ ရက်နေ့တွင် စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားပြုလုပ်မည် ဟု လည်းဆိုပါသည်။

ရွှေလီရောက် သျှမ်းလူငယ်တဦးကလည်း “အရင်ကသုံးတဲ့ ဗကပ ကို တော်လှန်ခွဲထွက်တဲ့နေ့ ဆိုတဲ့ နာမည်ကို ဒီနှစ်မသုံး တော့ဘူးလို့ပြောတယ်။ အဘက်ဘက်က တောင်းဆိုတဲ့အတိုင်း MNDAA တည်ထောင်ခြင်း အနှစ် ၂၀ ပြည့်အခမ်းအနား ၊ ဒါမှမဟုတ် ကိုးကန့်တိုင်းရင်းသားဒေသ ပြန်လည်ထူထောင်ရေးနေ့ တစ်ခုခုသုံးမှာလား မပြောတတ်ဘူး” ဟု ဆိုသည်။

ကိုးကန့်ဒေသတွင် ချင်းရွှီဟော် နှင့် လောဝ်ကိုင်း ၂ မြို့နယ်သာရှိသော်လည်း နအဖ တပ်ရင်း ရ ရင်း (ခလရ ၁၂၅၊ ၁၂၇၊ ၁၂၈၊ ၁၂၉၊ ၂၃၉ နှင့် ခမရ ၃၁၂၊ ၃၂၂)  တပ်စိုက်လာခဲ့သည်မှာ ၁၀ နှစ် ကျော်ခဲ့ပြီဖြစ်ကြောင်း၊ သို့သော် တပ်တရင်းလျှင် ပျှမ်းမျှ အင်အား ၂၀၀ မပြည့်ကြောင်း၊ ကိုးကန့်အဖွဲ့တွင်မူ အနည်းဆုံးစစ်အင်အား ၃၀၀၀ ခန့်ရှိကြောင်း သိရှိရသည်။

၁၉၈၉ မတ်လ ၁၂ ရက်နေ့တွင် ဖုန်ကျားရှင်း နှင့် ဖုန်ကျားဖူးတို့ညီအစ်ကို ခေါင်းဆောင်၍ ဗကပ မှ ပထမဆုံး ခွဲထွက်ပြီး MNDAA ကိုတည်ထောင်ခဲ့သည်။ နောက်ပိုင်း စဝ်ညီလိုင်း နှင့် ပေါက်ယူချဲန်တို့ ခေါင်းဆောင်သည့် ၀ တပ်ဖွဲ့၊ စိုင်းလင်း ခေါင်းဆောင်သော မိုင်းလားအဖွဲ့ နှင့် စခုန်တိမ်ယိမ်း ခေါင်းဆောင်သည့် NDA-K ကချင်အဖွဲ့များလည်း ကိုးကန့်နည်းတူ  အသီးသီး ခွဲထွက်ခဲ့ကြသည်။

ကိုးကန့်ဒေသသည် ဒုတိယကမ္ဘာစစ် မတိုင်မီ သန္နီစော်ဘွားလက်အောက်ခံ မြို့စားအဆင့်ဖြစ်ခဲ့၏။  နောက်ပိုင်း သန္နီ မှ ခွဲထွက်၍ သီးသန့်နယ်ရှင်စော်ဘွား - ကိုးကန့်ပြည်နယ်ထူထောင်ခဲ့သည်။ ၁၉၆၄ ဧပြီ  ၂၄ ရက် သျှမ်းပြည် တပ်မတော် SSA ထူထောင်စဉ် ကိုးကန့်စော်ဘွား၏ညီတော်စဝ်လက် ခေါ် ဂျင်မီယန်းနှင့်အဖွဲ့လည်း ပါ၀င်ခဲ့သည်။