၂၀၀၈ နှောင်းပိုင်းကတည်းက ဗမာ့တပ်မတော် အင်အားတိုးဖြည့်မှုအပေါ် တုန့်ပြန်သည့်အနေဖြင့် UWSA ၀ တပ်ဖွဲ့ ထိန်း ချုပ်သည့် နယ်ခြားတလျှောက် နအဖတပ်အင်အားတပ်ရင်း ၄ - ၅ ရင်း ထပ်ဖြည့်ကြောင်း တရုပ်နယ်စပ်သတင်း ရပ်ကွက်က ဆိုသည်။
ပြီးခဲ့သည့်ဖေဖေါ်ဝါရီလယ်က မိုင်းပြင်း တုန်တာဘက်မှ ဗမာစစ်တပ် ၆ ဘီး စစ်ကား ၁၂ စီး လက်နက်ကြီးအချို့ နှင့်အတူ (ကားတစီးလျှင် ပျမ်းမျှ အင်အား ၃၅ ယောက်) ကျိုင်းတုံမြောက်ဘက် မိုင်းခတ်၊ မိုင်းနုန်း၊ မိုင်းကာ ၀ တပ် ထိန်းချုပ်နယ်မြေ နှင့် ထိစပ်သည့်ဒေသ တလျှောက် အင်အားဖြည့်တင်းရာ UWSA ၀ တပ်ဖွဲ့ကလည်း တပ်မဟာ ၄၆၈ ဌာနချုပ် မိုင်းပေါက် တောင်ဘက်နှင့် အရှေ့တောင်ဘက် တလျှောက်တွင် ၀ တပ်ရင်း ၄ -၅ ရင်း အင်အားအပြိုင် ဖြည့်တင်းပြင်ဆင်မှု လုပ်နေ ကြောင်း ဒေသခံများက ဆိုသည်။
၀ ခေါင်းဆောင် တချို့နှင့် ရင်းနှီးသည့် ကုန်သည်တဦးက - “အခုအင်အားဖြည့်တာ ၀ ဌာနချုပ် ပန်ဆန်းမြို့တော်အရှေ့ တောင်ဘက်တင်မကဘူး၊ မြောက်ဘက်ခြမ်း ပန်လုန်၊ နမ့်တစ် ဘက်မှာလဲ ပြီးခဲ့တဲ့ ၂၀ ရက် လောက်က ၀ တပ်ဖွဲ့ အင်အား ၁၀၀ ကျော် ဗမာတပ်လှုပ်ရှားတဲ့နယ်မြေထဲ စခန်းသွားချတယ်။ ဗမာ့တပ်က ၀ တွေကို တပ်ဆုတ်ခိုင်းတယ်။ အမှန်ကတော့ နယ်မြေကျူးကျော်တာ ၀ မဟုတ်ဘူးဗျ၊ ဗမာတပ်ကဘဲ ခေတ်အဆက်ဆက် ၀ နယ်ကိုကျူးကျော်တယ်၊ လက်နက်ကြီးတွေ ပြင်ဆင်ထားတယ်။ တခါမှပြန်ရုပ်တယ်ဆိုတာမရှိဘူး။ ၀ တပ်လဲ အခုထိ ပြန်မဆုတ်ပေးဘူးဗျ” ဟု ပြောပြပါသည်။
“စစ်ရေးအရအဓိကကျတဲ့နေရာတွေမှာကျုပ်တို့လူအင်အား၊ လက်နက်အင်အား၊ ကတုတ်ကျင်းတွေပြင်ဆင်မှု အားလုံး လုပ်ထားတယ်၊ ကွပ်ကဲရေးအရာရှိတွေနေရာမှာလဲ အတွေ့အကြံုများတဲ့ တပ်မှူးတွေအစားထိုးဖြည့်ထားတယ်” - ဟု တပ်မှူး တယောက်က ပြောပြကြောင်း အဆိုပါကုန်သည်က သျှမ်းသံတော်ဆင့်ကို ပြန်ပြောပြ၏။
တောင်ပိုင်း SSA နှင့် ၀ တပ်ဖွဲ့တို့အားထိန်းချုပ်နိုင်ရန် ပြီးခဲ့သည့်လမှစ၍ နအဖစစ်အစိုးရက ဗမာပြည်မှ တပ်မ ၈၈ နှင့် ၆၆ အင်အား ၁,၅၀၀ - ၂,၀၀၀ ကြား သျှမ်းပြည်သို့ အင်အားဖြည့်ထားသည် ဟု ယုံကြည်ရသည့် တရုပ်နယ်စပ် သတင်း က ဆို၏။
၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA (အထူးဒေသ ၂ )သည် အထူးဒေသ ၄ မိုင်းလားအဖွဲ့၊ အထူးဒေသ ၁ ကိုးကန့် အဖွဲ့တို့နှင့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီတပ်ပေါင်းစု PDF ဖွဲ့စည်းထားသော်လည်း၊ နယ်မြေဒေသအခြေ အနေ မတူကြောင်း၊ သျှမ်းပြည်အရေးလေ့လာသည့်ပုဂ္ဂိုလ်တဦးက- “အထူးဒေသ ၁ ကိုးကန့်နယ်မြေမှာ စစ်အစိုးရ အခြေစိုက် ထားတဲ့ တပ်ရင်း ရ ရင်းရှိတယ်။ အရေးကြီးတဲ့ နယ်မြေအများစုကိုလည်း စစ်အစိုးရကခြေကုတ်ထားတယ်။ ၀ နဲ့ မိုင်းလား ဘက်တော့ အဲလိုမဟုတ်ဘူး။ နအဖ မချယ်လှယ်နိုင်တဲ့ သီးခြားကိုယ်ပိုင်လွတ်လပ်နယ်မြေတွေဖြစ်တယ်။ ၀ နဲ့ မိုင်းလား အဖွဲ့ အရေးကြံုလာရင် အချင်းချင်းကူညီနိုင်ပေမယ့် ကိုးကန့်ကိုတော့ သွားကူဖို့မလွယ်ဘူး။ ခရီးကအဆန် ခရီးဖြစ်နေလို့ဘဲ ” - ဟုဆို၏။