နအဖ ဘီအီးတပ် မီးလောင်- စုပေါင်းမီးသတ်ပေးဖို့ ရွာသားများဆင့်ခေါ်ခံရ

နအဖ ဘီအီးတပ် မီးလောင်- စုပေါင်းမီးသတ်ပေးဖို့ ရွာသားများဆင့်ခေါ်ခံရ
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမူးအုပ်စု အခြေချ နအဖ ဘီအီးတပ် မီးလောင်ရာ ရွာသားများအား စုပေါင်းကူညီ မီးငြိမ်းသတ်ပေးရန် ရပ်ကွက် ဥက္ကဌထံ ဆင့်ဆိုသည်ဟု ဒေသခံများကဆို ...

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမူးအုပ်စုအခြေချ နအဖ ဘီအီးတပ်မီးလောင်ရာ ရွာသားများအား စုပေါင်းကူညီမီးငြိမ်းသတ်ပေးရန် ရပ်ကွက်ဥက္ကဌထံဆင့်ဆိုသည်ဟု ဒေသခံများကဆိုသည်။

ယခုလ ၂၂ ရက် နေ့လည် ၂ နာရီ ပူအိုက် လေပြင်းတိုက်သဖြင့်   မိုင်းတုံမြို့တောင်ဘက် မိုင် ၄၀ ကျော်အကွာ နားကောင်းမူးအုပ်စုရှိ နအဖဆောက်လုပ်ရေးအဂျင်္င်နီယာတပ် (အခြေချတပ်) တန်းလျား ၄ ခု နှင့် ဆောက်လုပ်ရေးကား (ခြောက်ဘီးကား) တစီး မီးလောင်ကြောင်း ဒေသခံများကဆိုသည်။

မီးငြိမ်းသတ်ပေးရန်ဆင့်ဆိုခံရသော  အသက် ၅၀ ကျော် ရွာသားတဦးက - “အဲဒီအနားကို ဘယ်သူမှ မသွားဘူး။  သူတို့တပ်ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ရင်း မီးရှို့ရင်းနဲ့ ဆောက်လုပ်ရေးတပ်ပါလောင်သွားတာ။ သူတို့သတ်လို့ မနိုင်တော့ ရွာသားတွေကိုလုပ်အားပေးခိုင်းဖို့ ရပ်ကွက်ဥက္ကဌကို ဆင့်ခေါ်ခိုင်းတာ။  မီးမငြိမ်းသတ် နိုင်ရင်ရွာဘက်ကို ကူးလာမှာစိုးလို့ လူအင်အား ၄၀ နီးပါး၊ ရေဘီပါတင် ထော်လာဂျီ ၁၀ စင်းကျော် လုပ်အား ပေးသွားရတယ်။”- ဟုဆို၏။

ထို့အတူ ၂၃ ရက်နေ့တွင်လည်း ခလရ ၆၅ အနီး တောမီးလောင်မှု ဖြစ်ပွားပြီး ဒေသခံလူထုအင်အား ၈၀ နီးပါး သွားငြိမ်းသတ်ခဲ့ရကြောင်း၊ ဒေသခံအင်အားမရှိပါက ဒုတပ်ရင်းမှူး နေအိမ်နှင့် ခလရ ၆၅ တပ်ရင်းတခုလုံး မီးထဲပါသွားနိုင်ဖွယ်ရှိကြောင်း အသက် ၃၀ ကျော် နားလွီးရွာ ဒေသခံနောက်တဦးက ဤကဲ့သို့ ဆက်ပြောပြ သည်။

“တောမီးလောင်တာ၊ မီးတောက်မီးလျှံတွေမြင်တော့ နားကောင်းမူးကျေးရွာအုပ်စု လုထုအင်အား ၈၀ ၀န်း ကျင်လောက်သွားငြိမ်းကြတယ်။ မဟုတ်ရင် ခလရ ၆၅ ရဲ့ အဘလေးအိမ် (ဒုတပ်ရင်းမှူး အိမ်) သေချာပေါက် မီးထဲပါသွားပြီ။ လူအင်အားမများရင်တော့ ခလရ ၆၅  မကလို့ နားကောင်းမူးအထိပါ မီးကူးလာနိုင်တယ်။ တောင်ကုန်းလေးတခုဘဲ ခြားတာကိုး” - ဟုဆို၏။

ဒေသခံ ၃-၄ ယောက်၏ ပြောပြချက်အရ နအဖစစ်တပ်အနား မည်သူမှ သွားလိုစိတ်မရှိကြောင်း၊ တပ်လုံခြံုရေး အရ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ရင်း ၂ ကြိမ်စလုံး မီးလောင်မှုဖြစ်ပွါးခြင်းမှာ ဗမာစစ်သားများ၏ လက်ချက်သာဖြစ်ကြောင်း သိရသည်။

နားကောင်း ကျေးရွာအုပ်စုသည် ရပ်ကွက် ၆ ခု ရှိပြီး၊ မီးသတ်ကားမဆိုထားနှင့် အရံမီးသတ် တပ်ဖွဲ့လည်း မရှိကြောင်း၊ နအဖ အထက်လူကြီးများလာလျှင်ကြိဆိုဖို့ရန် မိမိပိုက်ဆံဖြင့်ဝယ်ထားသော မီးသတ်ဝတ်စုံ ၀တ်သူ ၄-၅ ယောက်သာ ရှိကြောင်း ဒေသခံများကဆိုသည်။