စစ်တပ်က SSNA တပ်ဖွဲ့ဝင်ဟောင်း နေအိမ်များကို ၀င်ရောက်ရှာဖွေ

စစ်တပ်က SSNA တပ်ဖွဲ့ဝင်ဟောင်း နေအိမ်များကို ၀င်ရောက်ရှာဖွေ
by -
စိုင်းအောင်
၂၀၀၅ ခုနှစ်က ဗမာစစ်တပ်မှ ဖိအားပေးမှုကြောင့် လက်နက်ချခဲ့ရသည့် SSNA (ခေါ်) သျှမ်းပြည် အမျိုးသား တပ်မတော်မှ တပ်ဖွဲ့ဝင်ဟောင်းများ ၏ နေအိမ်များကို ဗမာစစ်တပ်မှ ၀င်ရောက် ရှာဖွေနေကြောင်း သိရ ...

၂၀၀၅ ခုနှစ်က ဗမာစစ်တပ်မှ ဖိအားပေးမှုကြောင့် လက်နက်ချခဲ့ရသည့် SSNA (ခေါ်) သျှမ်းပြည် အမျိုးသား တပ်မတော်မှ တပ်ဖွဲ့ဝင်ဟောင်းများ ၏ နေအိမ်များကို ဗမာစစ်တပ်မှ ၀င်ရောက် ရှာဖွေနေကြောင်း သိရသည်။

သျှမ်းပြည်(မြောက်ပိုင်း) အတွင်းရှိ SSNA တပ်ဖွဲ့ဝင််ဟောင်းများ၏နေအိမ်များအား ဇန်နဝါရီလဆန်းပိုင်းမှစတင်ကာ ရှာဖွေဖမ်းဆီးမှုများ ရှိခဲ့ပြီး ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့မှာတော့  နမ့်ခမ်းမြို့နယ်အတွင်းရှိ  နောင်ကောင်း ၊ မန့်ဟောင်း ၊ မန့်နှောင် ကျေးရွာများမှ ရှမ်းလက်နက်ကိုင် အဖွဲ့ဝင်ဟောင်းများ၏ နေအိမ်များကို ၀င်ရောက်ရှာဖွေခဲ့ကြောင်းဒေသခံ များက သျှမ်းသံတော်ဆင့် ကိုပြောသည်။

မနေ့က ၀င်ရောက်ရှာဖွေသည့် အဖွဲ့ထဲတွင် ဗမာစစ်တပ် ၊ ရဲတပ်ဖွဲ့ ၊ ကွန်မန်ဒို ၊ ပြည်သူ့စစ်တို့ပါ၀င်ပြီး ပူးပေါင်းအင်အား (၃၀)ကျော်ခန့် ပါ၀င်ကြောင်း သိရသည်။

ထိုသို့ဝင်ရောက်ရှာဖွေရာတွင် သျှမ်းလက်နက်ကိုင်အဖွဲမှ သက်ဆိုင်ရာ ပုဂ္ဂိုလ်များကို ရှာဖွေတွေ့ရှိခြင်းမရှိသဖြင့် နေအိမ်ရှိ မိန်းမများကို စစ်ဆေးမေးမြန်းပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဒေသခံက အခုလိုပြောပြသည်။

“မန့်ဟောင်းကိုအရင်ဝင်တယ် ပြီးမှ နောင်ကောင်း ရယ် မန့်နောင်ရွာရယ် သူတို့ရှာချင်တဲ့ အိမ်ကိုဝင်ရှာသွားတာပေါ့ လူကိုမတွေ့တော့ အိမ် မှာရှိတဲ့သူတွေကို ဘယ်သွားလည်း အဆက်အသွယ်ရှိလားမေးတယ်ရှိတဲ့သူတွေကိုဖမ်းတာ တော့မလုပ်ဘူး အဓိကဖုန်းတွေကိုမေးတယ် အရင်တာလုံဘက်မှာရှာတုန်းကတော့ ဖုန်းတွေသိမ်းသွားတယ် ” လို့ သူကပြောသည ။

“မန့်ဟောင်းမှာတော့ စိုင်းငယ်အိမ် နောင်ကောင်းက စိုင်းဖွယ်အိမ် မန့်နှောင်က စိုင်းလှကျော်လား စိုင်းကျော်လှလား မသဲကွဲသေးဘူး တခြား ပစ္စည်းတွေရှာတာတော့ မလုပ်ဘူး လူကိုပဲ အတိအကျနဲ့လာမေးတယ်အရပ်အမောင်းက ဘယ်လောက် အသက်ကဘယ်လောက် အသားအရောင်က ဘယ်လို အဲလို အတိအကျနဲ့မေးပြီး ရှာတာ ” လို့ သူက ဆက်ပြောသည်။

ယခုလ (၁၀)ရက်နေ့ညပိုင်းက နမ့်ဖတ်ကာအနီးတွင် ဖြစ်ပွားခဲ့သည့် ကုန်ကားကြီးများအား ဓါးပြတိုက်မှုအပြီးတွင် အဖမ်းအဆီးများဆက်တိုက်ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ကွတ်ခိုင်မြို့နယ်နှင့် မူဆယ်မြို့နယ်အတွင်းရှိသျှမ်းလက်နက်ကိုင် ဟောင်းများနေထိုင်ရာ တာလုံ၊ ခိုမုန်း၊ နမ့်အွန်၊ မော်တောင်း၊ နားရှီမူ၊ ဟိုလီ စသည့်ကျေးရွာများတွင်လည်း ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ကျေးရွာများကို ၀င်ရောက်ရှာဖွေဖမ်းဆီးရာတွင် အမျိုးသားများကိုမတွေ့ရှိရသဖြင့်နေအိမ်တွင်ကျန်နေသည့် အမျိုးသမီးနှင့်ကလေးများကိုပါ ဗမာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ယခုအခါ ဖမ်းဆီးခံထားရသည့် အမျိုးသမီးနှင့်ကလေးအများစုကို ပြန်လည်လွတ်ပေးခဲ့သော်လည်း ဟိုလီကျေးရွာ ဥက္ကဌ ၏ မိန်းမနှင့် လားရိူးမှအလည်အပတ်ရောက်လာသည့် ၁၃ နှစ်အရွယ်ကလေးကို ယခုအချိန်အထိပြန်လည်လွတ်ပေးခြင်း မရှိသေးပဲ မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထား သည်ကိုလည်း မသိရှိရသေးပဲဖြစ်နေသည်။

၄င်းဒေသခံ သျှမ်းရွာ ကချင်ရွာများတွင်ရှိသည့်  ပြည်သူအများစုသည် လက်နက်ကိုင်သူပုန်များနှင့် ဆွေမျိုးတော်စပ်သူ အများစုဖြစ်ကြသဖြင့် ဗမာစစ်တပ်ကဖမ်းမည်ဆိုလျှင် ဒေသခံများမှာ ဓါးစာခံသဖွယ်ဖြစ်နေကြောင်း ဒေသခံများက ယူဆနေကြသည်။

ဗိုလ်မှူးကြီး စိုင်းရီ ခေါင်းဆောင်သည့် သျှမ်းပြည်အမျိုးသားတပ်မတော်(ခေါ်) SSNA သည် ၂၀၀၅ ခုနှစ်အတွင်းက ဗမာစစ်တပ်၏ ဖိအားပေးမှုကြောင့် လက်အောက်ခံတပ်မဟာတချို့လက်နက်ချသွားခဲ့ရပြီးဗိုလ်မှူးကြီးစိုင်းရီနှင့် တပ်သားအများစုသည် ဗိုလ်မှူးကြီးရွက်ဆစ်ခေါင်းဆောင် သည့် သျှမ်းပြည်တပ်မတော်(တောင်ပိုင်း)နှင့် ပူးပေါင်းကာ ဗမာစစ်တပ်အား လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေဆဲဖြစ်သည်။