တာချီလိတ်တွင် လက်နက်များဖမ်းမိ နအဖ အရာရှိအချို့ ပါ၀င်ပတ်သက်

တာချီလိတ်တွင် လက်နက်များဖမ်းမိ နအဖ အရာရှိအချို့ ပါ၀င်ပတ်သက်
တာချီလိတ် အရှေ့မြောက်ဘက် မယန်းဂိတ်၌ ဖမ်းဆီးရရှိသော လက်နက်ခဲယမ်းများ အမှုတွင် တာချီလိတ် ဗမာ စစ်တပ် အရာရှိအချို့ ပါ၀င် ပတ်သက်နေကြောင်း လားဟူ သတင်းရပ်ကွက်က ဆိုသည်။ ယခုလ ၃ ရက်နေ့ တာချီလိတ် - ကျိုင်းတုံအထွက် မယန်းဂိတ်၌ ပွိုင့်တူးတူး ...

တာချီလိတ် အရှေ့မြောက်ဘက် မယန်းဂိတ်၌ ဖမ်းဆီးရရှိသော လက်နက်ခဲယမ်းများ အမှုတွင် တာချီလိတ် ဗမာ စစ်တပ် အရာရှိအချို့ ပါ၀င် ပတ်သက်နေကြောင်း လားဟူ သတင်းရပ်ကွက်က ဆိုသည်။

ယခုလ ၃ ရက်နေ့ တာချီလိတ် - ကျိုင်းတုံအထွက် မယန်းဂိတ်၌ ပွိုင့်တူးတူး ၁ လက်၊ အဲမ် ၁၆ ၊ အေကေ ၄၇သေနတ်များ အပါအဝင် လက်နက်မျိုးစုံ ၁၃ လက် နှင့်အတူ ကျည်ကပ်၊ ကျည်ဆံ အများအပြားကို ဂိတ်စောင့် အာဏာပိုင်များက ဖမ်းဆီးရမိကြောင်း၊ ထိုအကြောင်း နှင့်ပတ်သက်၍ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံအခြေစိုက်တြိဂံတိုင်းမှူးဗိုလ်မှူးချုပ် ကျော်ဖြိုး လာရောက်စစ်ဆေးကြောင်း - ထိုင်းနယ်စပ်သတင်းရပ်ကွက်ကဆိုသည်။

အသက် ၄၀ ကျော် လားဟူအမျိုးသားတဦးက - “မယန်းဂိတ်မှာဖမ်းမိတဲ့လက်နက်တွေ ဘယ်သူ့ဆီက ဖမ်းမိတယ် ဆိုတာ သေသေချာချာမသိရပေမဲ့ ခမရ ၃၃၁ က ဗိုလ်ကြီး တယောက် နဲ့ အမြောက်တပ်က အရာရှိတယောက်ပါ၀င်ပတ်သက် နေတယ်ဆိုတဲ့သတင်းတော့ပျံ့နေတာဘဲ။ ဒါကြောင့် ၄ ရက်နေ့တုန်းက တြိဂံတိုင်းမှူးဗိုလ်မှူးချုပ်ကျော်ဖြိုးတောင်အဲ့ကိစ္စ လာရောက်စစ်ဆေးသွားသေးတယ်”- ဟု ပြောပြပါသည်။

အမည်မဖေါ်လိုသူ ထိုင်းနယ်စပ်လုံခြံုရေးအရာရှိ တဦးကလည်း - “အခုလ ၃ ရက် နေ့က မယ်ဆိုင်မြို့နယ် ၀ိန်းဖန်းခမ်း အုပ်စုမှာလည်း လက်ပစ်ဗုံး ၄ လုံး၊ အဲမ် ၁၆ ကျည်ကပ် ၅ ခု၊ အဲမ် ၁၆ ကျည်ဆံ ၉၇၀၀ ထောင့် ဖမ်းမိတယ်”- ဟု သျှမ်းသံတော်ဆင့်သို့ပြောပြ၏။

ထိုင်းဘက်ခြမ်း၌ဖမ်းမိသော လက်နက်ပစ္စည်းများမှာ သျှမ်းသွေးပါသော ဆုမ်ဝမ်ချိုင်းချန ဆိုသူနှင့် ၎င်း၏ ဇနီး နန်းကြူးကြူး၊ သုံးနှစ်အရွယ်သမီးတယောက် တို့နေအိမ်၌ ဖမ်းမိကြောင်း၊ “သူ့မိန်းမကထွက်ပြေးလွတ်မြောက်သွားတယ်၊ ဆုမ်ဝမ်ချိုင်းချနပြောပြတာက အဲဒီလက်နက်ပစ္စည်းတွေအားလုံး ယာဘနဲ့လဲဖို့တဲ့” ဟုပြောကြောင်းထိုထိုင်းအရာရှိက ဆိုသည်။

မယ်ဆိုင်၌ဖမ်းမိသော ကျည်ဆံများ နှင့် တာချီလိတ် မယန်းဂိတ်၍ ဖမ်းမိသော သောသေနတ်များ ဆက်စပ်မှုရှိနိုင်ကြောင်း ထိုထိုင်းအရာရှိက ဆက်လက်ပြောပြသည်။