သျှမ်း/အရှေ့အပစ်ရပ် အဖွဲ့များနှင့် နအဖတပ်အကြား ဆက်ဆံရေး အေးကျဲလာ

သျှမ်း/အရှေ့အပစ်ရပ် အဖွဲ့များနှင့် နအဖတပ်အကြား ဆက်ဆံရေး အေးကျဲလာ
နအဖ - စရဖ ညွှန်ချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့် နှင့် အဖွဲ့ ၏လက်နက်ကြီးအချို့ကို ဂျန္နဝါရီ ၁၉ ရက်က ပန်ဆန်းမြို့ တွင် အပစ်ရပ် ၀ လုံခြုံရေးတပ်ဖွဲ့ယာယီဖြုတ်ထားသည့်နောက်ပိုင်း ၀ တပ်ဖွဲ့၊ မိုင်းလားတပ်ဖွဲ့ နှင့် နအဖတို့ အကြားဆက်ဆံရေးအေးတိအေးစက် ကျဲလာကာ နှစ်ဘက်စလုံး စစ်ရေးပြင်ဆင် ...

နအဖ - စရဖ ညွှန်ချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့် နှင့် အဖွဲ့ ၏လက်နက်ကြီးအချို့ကို ဂျန္နဝါရီ ၁၉ ရက်က ပန်ဆန်းမြို့ တွင် အပစ်ရပ် ၀ လုံခြုံရေးတပ်ဖွဲ့ယာယီဖြုတ်ထားသည့်နောက်ပိုင်း ၀ တပ်ဖွဲ့၊ မိုင်းလားတပ်ဖွဲ့ နှင့် နအဖတို့ အကြားဆက်ဆံရေးအေးတိအေးစက် ကျဲလာကာ နှစ်ဘက်စလုံး စစ်ရေးပြင်ဆင်မှု၊ အင်အားဖြည့်တင်းမှု၊  လုံခြုံရေးတင်းကြပ်မှုနှင့် တပ်လှန့်မှု များ ပိုလုပ်လာကြောင်း တရုပ်နယ်စပ်သတင်းရပ်ကွက်ကဆိုသည်။

အသက် ၄၀ ကျော် ကျိုင်းတုံ ကုန်သည်တဦးက - “ကျနော်ရင်းနှီးတဲ့ စစ်ဗျူဟာမှူး တချို့နဲ့ MAS အရာရှိတချို့ ပြောတာက - သူတို့ သွားလာနေကျ မိုင်းလားထိန်းချုပ်နယ်မြေအတွင်း အခုနောက်ပိုင်း အဝင်အထွက်ကျဲလာတယ်၊ ဆက်ဆံရေး အေးတိအေး စက်ဖြစ်လာတယ်၊ မြောက်ပိုင်း ၀ထိန်းချုပ်နယ်မြေဘက်ဆိုရင် ပိုဆိုးတယ်” - ဟုဆို၏။

မြောက်ဘက် ၀ တပ်ထိန်းချုပ်နယ်မြေတွင်လည်း နအဖ တပ်ဖွဲ့များမဆိုထားနှင့် “အမြဲဝင်ထွက်လေ့ရှိတဲ့ သာမာန်  ဗမာအရပ်သား တွေတောင် ၀ တပ်ဂိတ်မှာ ဖြတ်သန်းရင် အစစ်အဆေး တော်တော်တင်းကြပ်လာတယ်” ဟုပြောပြ၏။  “အရင်တုန်းက ၄-၅ ယောက် စောင့်တဲ့ ၀ တပ် ဂိတ်တွေ အခု အယောက် ၂၀-၃၀ စောင့်လာတယ်”ဟု ကွန်လုံ - ဟိုပန် ကားဆရာတဦးက ပြောပြပါသည်။

ဂျန္နဝါရီလလယ်ပိုင်းလောက်မှ စ၍ ယခုအထိ NDAA မိုင်းလားအဖွဲ့ တပ်မဟာ ၃၆၉ ထိန်းချုပ် နယ်မြေ၊ UWSA ပန်ဆန်း အဖွဲ့ တပ်မဟာ ၄၆၈ ထိန်းချုပ် နယ်မြေအတွင်းနှင့်  ဗမာစစ်တပ်ထိန်းချုပ်နယ်မြေစပ်ကြား တဝိုက်၊ ကျေးရွာများ၌ အထူး လုံခြံုရေး ချပြီး ယခင်ကမလုပ်စဖူး ညဘက်ပတ္ထရောင်လှည့်မှုများ ပိုရှိလာသည်ဟုဆို၏။

ကျိုင်းတုံဒေသခံ လူလတ်ပိုင်းကားဆရာ တဦးကလည်း - “အခုပုံစံက ဗမာစစ်အစိုးရတပ်ဖွဲ့နဲ့ အပစ်ရပ်မိုင်းလားအဖွဲ့၊ UWSA အဖွဲ့တို့အကြား ဆက်ဆံရေးဆိတ်ငြိမ်နေသယောင်ထင်ရပေမဲ့  လျှို့ဝှက်စစ်ရေး အပြိုင်ပြင်ဆင်နေကြတယ်လို့ ကြားတယ်၊ လွန်ခဲ့တဲ့တလလောက်ကစပြီး အေကေ ၄၇ နဲ့အမ် ၂၀ ပစ္စတိုအသစ် အတော်များများထုတ်ပေးတာတွေ ရှိတယ်၊ ဗမာစစ်တပ်ဘက်မှာလည်း မော်ဖှာ့နယ်နဲ့ မိုင်းခတ် မြို့နယ်အတွင်းမှာ တပ်အင်အားတွေ တိုးဖြည့်လာတာတွေ့ ရတယ်” ဟုဆို၏။

ဒု - ဗိုလ်မှူးကြီး အဆင့်ရှိ  UWSA တပ်မှူးတစ်ဦးက  - “၂၀၁၀ ရွေးကောက်ပွဲအတွက် နအဖ စစ်အစိုးရ ပြင်ဆင်နေချိန် မှာ အပစ်ရပ်အဖွဲ့တွေ လက်နက်ချဖို့၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်နေဖို့ ဖိအားပေးတဲ့အပေါ် - ကျနော်တို့ ၀ အဖွဲ့ အနေနဲ့ လက်နက်အပ်နိုင်တဲ့ နည်းလမ်း ၂ ခုဘဲရှိတယ်၊  သေနတ်ဘဲအပ်မလား ကျည်ဆံဘဲပေးရမလားဆိုတာဘဲ” - ဟုပြောပြကြောင်း ကျိုင်းတုံဆိုစ့်ထံမှ ကြားသိရသည်။