ဘိန်းခြံတောင်သူများအပေါ် နအဖစစ်ကြောင်း ကျပ်သိန်းချီဆက်ကြေးကောက်

ဘိန်းခြံတောင်သူများအပေါ် နအဖစစ်ကြောင်း ကျပ်သိန်းချီဆက်ကြေးကောက်
ဒေသခံ နအဖ နယ်လှည့်စစ်ကြောင်းများ ဘိန်းခြံတောင်သူများ အရှုံးပေါ် အထိနာမှုကို စိတ်မဝင်စား ဘဲသျှမ်းပြည် တောင်ပိုင်းဒေသခံများ အပေါ် ရွာစဉ်အလိုက် ကျပ်သိန်းချီ ဆက်ကြေး ကောက်ကြောင်း သျှမ်းပြည်တောင်ပိုင်းသတင်း ရပ်ကွက်က ဆိုပါ ...

ဒေသခံ နအဖနယ်လှည့်စစ်ကြောင်းများ ဘိန်းခြံတောင်သူများ အရှုံးပေါ်အထိနာမှုကိုစိတ်မဝင်စား ဘဲသျှမ်းပြည် တောင်ပိုင်းဒေသခံများ အပေါ် ရွာစဉ်အလိုက်ကျပ်သိန်းချီဆက်ကြေး ကောက် ကြောင်း သျှမ်းပြည်တောင်ပိုင်းသတင်း ရပ်ကွက်က ဆိုပါသည်။

ကွန်ဟိန်းမြို့နယ် ကျိန်းလုမ်းအုပ်စုအတွင်း တပ်စွဲအခြေချသည့် ကွန်ဟိန်းအခြေစိုက် ခမယ ၅၂၄ မှ ဗိုလ်ကြီး သက်နိုင်စိုး ဦးဆောင်သော ကွန်မန်ဒို စွန်ရဲစစ်ကြောင်းက လွန်ခဲ့သော ဂျန္နဝါရီ ၂၇ ရက်အထိဒေသခံများထံဘိန်းခွန် ဆက်ကြေး ကောက်သည်ဟုဆို၏။

“စွန်ရဲစစ်ကြောင်းက ဘိန်းခြံခွန် ဆက်ကြေးဆင့်ဆိုတာ ကျနော်တို့ မိုက်ဟျိုလောင်းရွာ၊ ဖိုင်ရွာ၊ ကျိန်းလုမ်းရွာ၊ ဆိုင် မိန်းရွာ၊ နားကျိုင်းရွာ အပါ အဝင် ၁၀ ရွာလောက်ရှိမယ်။ တစ်ရွာအနဲဆုံးကျပ် ၅သောင်း ကနေ ၂ သိန်းကျော်အထိ ပေးရတယ်။ ဒါ့အပြင် ၀မ့်လောင်းအုပ်စု၊ ဆိုင်းခေါင် အုပ်စုမှာ စခန်းချတဲ့ မိုးနဲအခြေစိုက် ခမရ ၅၁၈ ကလဲ ကျေးရွာ ၆ ရွာ စလုံးဘိန်းခြံခွန်ကောက်တယ်။ သူတို့က ပိုဆိုးတယ်။ ကျပ် ၁ သိန်းနဲ့ အထက်ချည်းဘဲ” ဟု နယ်စပ်ရောက်ကျိန်းလုံး အုပ်စုမှ ရွာသားမိသားတစုက ပြန်လည်ပြောပြသည်။

ဘိန်းခြံဆက်ကြေးအပြင် ရွာသားများ၏ အိမ်မွေးကြက်၊ ၀က်၊ ဘဲ များကိုလည်း စစ်ကြောင်းရိက္ခာအတွက်ဟုဆိုကာ အမြဲမပြတ်ယူဆောင် လေ့ရှိသည်ဟုဆို၏။

“ရောက်တဲ့ရွာက ရွာသူကြီးကိုခေါ်ပြီး - ခင်ဗျားတို့ရွာက ဘိန်းခွန် ၂ သိန်းကျတယ်၊ ၃ သိန်းကျတယ်။ မပေးရင် ဘိန်းခြံအထိသွားပြီး ရှင်းပစ် မယ်။ အခုကျုပ်တို့သဘောမနောကောင်းကောင်းနဲ့ ရွာထဲလာပြီးဆင့်ဆိုတာကိုတောင်း သလောက်ပေးပါ၊ ဘာမှဇောဒက တက်စရာမလို ဘူး- လို့ ခြိမ်းခြောက်တော့ ခွဲတမ်းတွက်ပြီး ၀ိုင်းပေးရတာပေါ့” ဟု အဆိုပါ ရွာသားမိသားစုက ဆက်ပြော၏။

ယခုနှစ် ဘိန်းပျိုးပင်ပေါက်ချိန် မိုးကြီးခြင်းကြောင့်တစ်ကြောင်း၊ ရာသီဥတုအေးလွန်းသဖြင့်တစ်ကြောင်း သျှမ်းပြည် အလယ်ပိုင်းနှင့် တောင်ပိုင်း နေရာတော်တော်များများတွင် ဘိန်းစိုက်ဧရိယာတိုးလာသော်လည်း ဘိန်းအထွက်နှုန်း အထူးကျဆင်းသည်ဟုသိရ၏။ သို့သော် နအဖ စစ် ကြောင်း ကကျေးလက်လူထု၏ အရှုံးပေါ်အထိနာမှုကို စိတ်မဝင်စား ငွေရရေးတစ်ခုတည်းအတွက်ကိုသာ အမိန့်အာဏာဖြင့် ဆင့်ဆိုသော ကြောင့် ဘိန်းခြံလုပ်သည်ဖြစ်စေမလုပ်သည် ဖြစ်စေ  ၎င်းတို့တောင်းသလောက် ရပ်ရွာအိမ်တိုင်းစေ့ ပိုက်ဆံကောက် ပေးနေရကြောင်း ဒေသ ခံရွာသားများ ပြောပြချက်အရသိရပါသည်။

အလားတူ ၂၀၀၈ နှစ်ကုန်ပိုင်းကတည်းက ယခုချိန်အထိ ၁ လ ၁ ကြိမ်၊ ၂ ကြိမ် သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ် နောင်ဟီးအုပ်စု ရွာသား များထံဘိန်းခွန် သွားရောက်ကောက်စားသော နမ့်ဇန်အခြေစိုက် ခလရ ၆၆ မှ နအဖနယ်လှည့် စစ်ကြောင်းလည်း ကျေးလက်လူထု၏ ခြံထွက် သီးနှံများ ကြက် ၀က် ဘဲများအားစိတ်ထင်တိုင်းပစ်သတ်ဖမ်းယူကြ ကြောင်း၊ ရွာသူကြီးများအားလည်း “ ခင်ဗျားတို့ဘိန်းခွန်ဆောင်ရင် ရွာသားတွေ ဘိန်းများများစိုက်လေကျုပ်တို့အတွက် ကောင်းလေဘဲ ” ဟုပင်ပြောကြောင်း နမ့်ဇန်ဒေသခံ တစ်ဦးကပြန်လည်ပြောပြ၏။

“ ဘိန်းခြံရှင်ဆိုရင် တအိမ် ကျပ် ၄ သောင်းကောက်တယ်၊ ဘိန်းခြံမရှိလည်း တအိမ် ကျပ် ၁ သောင်း ကောက်တယ်” ဟု ၎င်းကပြောပြသည်။

ယခုနှစ်ဘိန်းစိုက်ရာသီ သျှမ်းပြည်အတွင်း ဘိန်းအထွက်နှုန်းမကောင်းသော်လည်း အရှေ့တောင်အာရှ ထွက်တဲ့ ဘိန်းအားလုံး၏ ၉၆ % ကို မြန်မာနိုင်ငံမှ ထုတ်လုပ်ခြင်းဖြစ်ပြီး ကမ္ဘာ့ဘိန်းထွက် ဒုတိယအများဆုံးနိုင်ငံအဖြစ် နေရာယူထားဆဲဖြစ်သည်ဟု ကမ္ဘာ ့ကုလသမဂ္ဂ မူးယစ် ဆေးဝါး နှင့် ရာဇဝတ်နှိန်နင်းရေးရုံး UNODC ကဆိုထားပါ သည်။