၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြားနိုင်ဟု နအဖ စစ်ဗျူဟာမှူးပြော

၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြားနိုင်ဟု နအဖ စစ်ဗျူဟာမှူးပြော
ယခုလ ဆန်းပိုင်း၌ ကွန်ဟိန်းအခြေစိုက် နအဖ စစ်ဗျူဟာမှူး ကြီးမှူး၍ဌာနပေါင်းစုံ ၀န်ထမ်းများအစည်းအဝေး ဆင့်ခေါ် ကျင်းပရာ “အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြား/ ရက်ပြောင်းနိုင်ဖွယ်ရှိကြောင်း" ထည့်သွင်း ပြောကြား သွားသည်ဟု ထိုအစည်းအဝေးတက်ရောက်သူ ၀န်ထမ်းတဦးကဆို ...

ယခုလ ဆန်းပိုင်း၌ ကွန်ဟိန်းအခြေစိုက် နအဖ စစ်ဗျူဟာမှူး ကြီးမှူး၍ဌာနပေါင်းစုံ ၀န်ထမ်းများအစည်းအဝေး ဆင့်ခေါ် ကျင်းပရာ “အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြား/ ရက်ပြောင်းနိုင်ဖွယ်ရှိကြောင်း" ထည့်သွင်း ပြောကြား သွားသည်ဟု ထိုအစည်းအဝေးတက်ရောက်သူ ၀န်ထမ်းတဦးကဆိုသည်။

ယခုလ ၂ ရက်နေ့ကသျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းအခြေစိုက် နအဖ စစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီးတင်မောင်ရွှေမှ ကွန်ဟိန်းမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေး၊ မြေတိုင်း၊ ရဲ၊ မီးသတ်၊ ကျန်းမာရေး၊ ပညာရေး၊ မိခင်ကလေးများအသင်းမှအစ မော်တော်ယာဉ်လိုင်း ပါမကျန် ၀န်ထမ်းများစုံညီ အစည်းဝေးဆင့်ခေါ်ကျင်းပခဲ့ကြောင်း၊ ထိုအစည်းအဝေး၌ - “၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ချင်မှဖြစ်တော့မယ်၊ အစီ အစဉ်ပြောင်းရွှေ့ရင်ပြောင်းမယ်” ဟုထည့်သွင်းပြောဆိုသွားခဲ့သည် ဟုဆိုသည်။

အသက် ၄၀ ကျော် ၀န်ထမ်းတဦးက - “၂၀၁၀ ရွေးကောက်ပွဲဖြစ်ချင်မှဖြစ်မယ်ဆိုတာက အကြောင်းရပ် ၄ ခုရှိတယ်လို့ ပြောတယ်။ (၁) ပြည်တွင်းပြည်ပ အဖျက်အမှောင့်/သောင်းကျန်းသူတွေ စီမံကိန်းနဲ့ ၀င်ရောက်နှောင့်ယှက်မယ်လို့သတင်း ရထားလို့၊ (၂) ရခိုင် ဘက်က ဂက်စ်ကြောင့်ဖြစ်တဲ့ ဘင်္ဂလားဒေ့ချ် နဲ့ နယ်ခြားပြဿနာ၊ (၃တိကျတဲ့လူဝင်ထွက်/ သန်းခေါင် စာရင်း မှတ်ပုံတင်မပြီးပြတ် နိုင်သေးတာရယ် (၄) မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစီမံချက် မပြီးပြတ်သေးတဲ့ပြဿနာကြောင့် ဆိုဘဲ”- ဟု ပြန်လည်ပြောပြ၏။

ယခုလ ၂၀ ရက်နေ့တွင်လည်း ဗျူဟာမှူးကြီး ဒုဗိုလ်ကြီးတင်မောင်ရွှေက ကွန်ဟိန်းမြို့ တာကော်အုပ်စု ဟန်နားရွာ နှင့် ဖန်လန်းရွာ မှ ပြည်သူ့စစ်ခေါင်းဆောင်များကိုဆင့်ခေါ်၍ သျှမ်းသူပုန်ချေမှုန်းရန်အတွက် နအဖ စစ်ကြောင်း နှင့်အတူ ရှေ့တန်းတက်ဖို့ ပြည်သူ့ စစ်များအားစစ်ရေး လေ့ကျင့်ခိုင်းပြီး အော်တိုသေနတ်လည်းထုတ်ပေးမည်ဟုဆို၏။

ကာလိကျေးရွာအုပ်စုမှ အသက် ၂၀ ကျော် မော်တော်ဆိုင်ကယ်ရောင်းဝယ်သူတဦးက - “ကျနော်တို့ကတော့ရွေးကောက်ပွဲ ဖြစ်ဖြစ် မဖြစ်ဖြစ် စိတ်မဝင်စားဘူး။ အဲဗျူဟာမှူးလည်းသိပ်မခေပါဘူး - သူရောက်လာကတဲ့က အိမ်အလုပ်ကိုကောင်း ကောင်း မလုပ်ရဘူး၊ ပြည်သူ့စစ်ဆို တကဲ့စစ်သားအတိုင်း စစ်ရေးအဆက်မပြတ်လေ့ကျင့်ခိုင်းတယ်။ နောက်ပြီး ရွှေတိဂုံ ပုံတူ စေတီပြုပြင်မွမ်းမံဖို့ ကျနော်တို့အုပ်စုကို ၀ါးလုံးအလုံးရေ ၁၀၀၀ ဆင့်ခေါ်ထားသေးတယ်” - ဟုဆိုသည်။