သျှမ်းအရှေ့ထွက် ကျောက်မီးသွေး ထိုင်းကုမ္ပဏီတူးခွင့်ရ - ဖြတ်လမ်းမှ သယ်ယူရန်ပြဿနာရှိ

သျှမ်းအရှေ့ထွက် ကျောက်မီးသွေး ထိုင်းကုမ္ပဏီတူးခွင့်ရ - ဖြတ်လမ်းမှ သယ်ယူရန်ပြဿနာရှိ
သျှမ်းပြည်အရှေ့ပိုင်းထွက် ကျောက်မီးသွေးတွင်းတခုကို နအဖစစ်အစိုးရက ထိုင်းနိုင်ငံ ဆာရာဘူရီကျောက်မီးသွေး လုပ်ငန်းတခုအား နှစ်သုံးဆယ်ကန်ထရိုက်ဖြင့် တူးယူခွင့်ပေးလိုက်ကြောင်း၊ ထိုင်းသို့ဖြတ်လမ်းဖြင့်သယ်ဆောင်လို သောကြောင့်ပြဿနာများနိုင် ...

သျှမ်းပြည်အရှေ့ပိုင်းထွက် ကျောက်မီးသွေးတွင်းတခုကို နအဖစစ်အစိုးရက ထိုင်းနိုင်ငံ ဆာရာဘူရီကျောက်မီးသွေး လုပ်ငန်းတခုအား နှစ်သုံးဆယ်ကန်ထရိုက်ဖြင့် တူးယူခွင့်ပေးလိုက်ကြောင်း၊ ထိုင်းသို့ဖြတ်လမ်းဖြင့်သယ်ဆောင်လို သောကြောင့်ပြဿနာများနိုင်ကြောင်း ထိုင်းနယ်စပ်လုံခြံုရေးအရှိတဦးကဆိုသည်။

သံလွင်အရှေ့ခြမ်း မိုင်းဆတ်မြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ မုံးကုတ်(ခေါ်) မိုင်းခုတ်ထွက်ကျောက်မီးသွေး များ တူးယူခွင့် တင်ဒါကို စစ်အစိုးရက ထိုင်းနိုင်ငံ ဆာရာဘူရီ ကျောက်မီးသွေး ကုမ္ပဏီ (Saraburi Coal Mining) ကို နှစ် ၃၀ စာချုပ်ဖြင့် ၂၀၀၈ ဒီဇင်ဘာလ နှောင်းပိုင်းက ပေးလိုက်ကြောင်း၊ ကျောက်မီးသွေးများအားထိုင်းသို့သယ်ဆောင် ရာတွင် မိုင်းဆတ်၊ မုံးကုတ်၊ မိုင်းလုံ၊ တာချီလိတ် - မယ်ဆိုင် လမ်းကိုအသုံးမပြုလိုဘဲ ဖြတ်လမ်းဖြင့်တောင်ဘက်စူးစူး မုံးကုတ် - မိုင်းတွမ်း - ယောင်ခါ - မယ်ကျုတ် မှတဆင့် ထိုင်းနယ် စပ်ကိုဖြတ်၍ မုံ့ကောဝ်လန် - ဟင်တက် မှ ချင်းရိုင်းသို့ တိုက်ရိုက် သယ်ဆောင်လိုသည်ဟု ဆို၏။

အမည်မဖေါ်လိုသူထိုင်းနယ်စပ်လုံခြံုရေးအရာရှိတဦးက-“ယောင်ခါ-မယ်ကျုတ်(သျှမ်းဘက်ခြမ်း)- မုံကောဝ်လန်ရွာ(ထိုင်းဘက်ခြမ်း) ဟင်တက်-ပါဆန်းလမ်းကနေချင်းရိုင်းကို ကျောက်မီးသွေးသယ်ဖို့ ဆာရာဘူရီကုမ္ပဏီကလမ်းဖေါက် မယ်လို့သက်ဆိုင်ရာ အာဏာပိုင်တွေကို စာတင်ထားတယ်။ လမ်းဖေါက်နိုင်မဖေါက်နိုင်အခြေအနေကြည့်ဖို့ချင်းရိုင်း ခရိုင်အာဏာပိုင်တွေ ဆပ်ကော်မတီဖွဲ့ပြီး ကွင်းဆင်း လေ့လာနေတယ်။ အဲဒီလမ်းကြောင်းဖွင့်ရင်နယ်စပ်ပြဿနာ ပိုများလာနိုင်တယ်။ ဖြစ်နိုင်ရင် တာချီလိတ် - မယ်ဆိုင်  အမှတ် ၂ တံတား က ၀င်ရင်အကောင်းဆုံးဘဲ” - ဟုဆို၏။

ဖြတ်လမ်းမှတဆင့်သယ်ဆောင်လျှင် (၁) သဘာဝသစ်တောပြုန်းတီးမှုအန္တရာယ်၊ (၂)လူကုန်ကူးမှုပြဿနာ၊ (၃) မူးယစ်မှောင်ခိုပြဿနာ၊ (၄) သျှမ်းပြည်တပ်မတော်တောင်ပိုင်းလှုပ်ရှားနယ်ဖြစ်သောကြောင့်နယ်စပ်လုံခြံုရေး ဆိုင်ရာပြဿနာများ ကြံုတွေ့လာနိုင်ဘွယ်ရှိ ကြောင်း ၎င်းင်းကပြောပြသည်။

သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) ကျိုင်းတုံစစ်နယ်မြေ တပ်မဟာမှူးတဦးကတော့-“ကျောက်မီးသွေးသယ်ဖို့ နအဖဆီပါမစ်ရထားတဲ့ ထိုင်းကုမ္ပဏီက ကျနော်တို့လှုပ်ရှားနယ်မြေအတွင်းမှာ လမ်းချဲ့/ဖေါက်မယ်တော့ကြားတယ်။ ဒါပေမဲ့ ကျနော်တို့ကို အခုထိ တိုက်ရိုက်အကြောင်းကြားတာ၊ သယ်ဆောင်ခွင့်လာတောင်းတာမရှိသေးဘူး။ အဲ့စီမံကိန်း လက်တွေ့အကောင်အထည်ဖေါ်မယ် ဆိုရင် အားလုံးအတွက်လုံခြံုရေးကတော့ထိမှာဘဲ” - ဟုဆို၏။

ထိုင်းနယ်စပ် သျှမ်းပြည်အရေးလေ့လာသူများကလည်း - “အခု နအဖ က ထိုင်းကုမ္ပဏီကို ကျောက်မီးသွေးတူးဖို့ နှစ် ၃၀ ပေးလိုက် တယ်ဆိုတာက SSA လှုပ်ရှားနယ်မြေကျဉ်းသွားအောင် တမင်ဖန်တီးတာဘဲ။ လမ်းဖေါက်ဖို့တောင် အနည်းဆုံး တနှစ်ခွဲလောက် တော့ အချိန်ယူရမှာ” - ဟုဆို၏။

မုံးကုတ်ကျောက်မီးသွေး တွင်းမှတဆင့် ကျောက်မီးသွေးဆိုင်ရာ အသုံးဝင်သတ္တုများအားလုံး တရက်လျှင် အနည်းဆုံး တန်ချိန် ၅၀၀၀ ထိုင်းသို့တင်ဆောင်နိုင်မည်ဟု အဆိုပါကုမ္ပဏီမှကျွမ်းကျင်ပညာရှင်များ က ခန့်မှန်းထားကြသည်။ အလားတူပင်သျှမ်းပြည်အလယ်ပိုင်း ကျေးသီးမြို့နယ်တွင် လွန်ခဲ့သည့် ၆ - ရ နှစ်ကကျောက်မီးသွေးတွေ့ရှိထား သောကြောင့် တူးဖေါ်ရန် နအဖ စစ်အစိုးက ဒေသခံလယ်/ယာ/ခြံမြေအများ အပြားသိမ်းယူထားကြောင်းသျှမ်းပြည် တောင်ပိုင်းသတင်းရပ်ကွက်လည်းဆိုသည်။