နအဖ စစ်ဘက်ရေးရာလုံခြံုရေးအရာရှိနှင့် အဖွဲ့ ၀ ဒေသအတွင်း လက်နက်ဖြုတ်သိမ်းခံရ

နအဖ စစ်ဘက်ရေးရာလုံခြံုရေးအရာရှိနှင့် အဖွဲ့ ၀ ဒေသအတွင်း လက်နက်ဖြုတ်သိမ်းခံရ
၂၀၁၀ ရွေးကောက်ပွဲအတွက် ငြိမ်းအဖွဲ့များကို စည်းရုံးသိမ်းသွင်းရန် စစ်ဘက်ရေးရာလုံခြံုရေး ညွှန်ကြားရေးမှူးချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် အဖွဲ့ ပန်ဆန်းသို့အသွား မိုင်းပေါက်တွင် ၀ နယ်ခြားစောင့်တပ်ဖွဲ့က ၎င်းတို့ပါလာသော လက်နက်ကြီးများကို ဖြုတ်သိမ်း ထားကြောင်း ...

၂၀၁၀ ရွေးကောက်ပွဲအတွက် ငြိမ်းအဖွဲ့များကို စည်းရုံးသိမ်းသွင်းရန် စစ်ဘက်ရေးရာလုံခြံုရေး ညွှန်ကြားရေးမှူးချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် နှင့် အဖွဲ့ ပန်ဆန်းသို့အသွား မိုင်းပေါက်တွင် ၀ နယ်ခြားစောင့်တပ်ဖွဲ့က ၎င်းတို့ပါလာသော လက်နက်ကြီးများကို ဖြုတ်သိမ်း ထားကြောင်း တရုပ်နယ်စပ်သတင်းရပ်ကွက်က ဆိုသည်။

ယခုလ ၁၇ - ၁၈ ရက် စစ်ဘက်ရေးရာလုံခြံုရေး ညွှန်ကြားရေးမှူးချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့် နှင့်အဖွဲ့ အင်အား ၃၀ ခန့်သည် ၀ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ၂၀၁၀ ရွေးကောက်ပွဲအတွက်ဆွေးနွေးရန်UWSA ပန်ဆန်းဌာန ချုပ်အသွား တပ်မဟာ ၄၆၈  ၀ နယ်ခြားလုံခြံုရေးအဖွဲ့က ၎င်းင်းအဖွဲ့ပါလာသောလက်နက်ကြီးများကို ကျိုင်းတုံမြို့ အရှေ့ မြောက်ဘက် ၁၀၂ ကီလိုမီတာအကွာရှိ မိုင်းပေါက်မှ ဖြတ်သန်းသယ်ဆောင်ခွင့်မပြုဟုဆိုကာခေတ္တသိမ်းထား လိုက်သည်ဟုဆို၏။

UWSA တပ်မဟာ ၄၆၈ အရာရှိတချို့ နှင့် နီးစပ်သူတဦးက - “ယခုလ အစောပိုင်းက သျှမ်းပြည်တိုင်းချုပ် ဗိုလ်ချုပ် မင်းအောင်လှိုင် အထူးဒေသ ၄ တပ်မဟာ ၃၆၉ ဆီလူး နဲ့ အထူးဒေသ ၂ တပ်မဟာ ၄၆၈ ဌာနချုပ်မိုင်းပေါက်ဘက်လာ မယ်လို့ သတင်းကြားထား ပေမဲ့ မလာဖြစ်ဘူး။ အခုလာသွားတဲ့ ဒုဗိုလ်ချုပ်ကြီးရဲမြင့်နဲ့အဖွဲ့ကို လည်း မိုင်းပေါက်ရှိ ၀ အဖွဲ့က သူတို့ပါလာတဲ့ လက်နက်ကြီး တွေ ပန်ဆန်းကိုပေးမယူသွားဘူး လို့ပြောတယ်။ ပစ္စတိုတချို့ကိုဘဲ ယူသွားခွင့်ပေးတယ်” - ဟုဆို၏။

ပန်ဆန်းသို့ရောက်သွားသော စရဖ လုံခြံုရေးအရာရှိ ဒုဗိုလ်ချုပ်ကြီးရဲမြင့်သည် ၀ ထိပ်ပိုင်းခေါင်းဆောင်များ နှင့် ၂၀၁၀ ရွေးကောက်ပွဲ အတွက် ဆွေးနွေးညှိနှိုင်းခြင်းမရသောကြောင့် စရဖ မှူးကြီး အမျက်ဒေါသထွက်ကာ မိုင်းကာ၊ မိုင်းခတ် မှ တဆင့် ကျိုင်းတုံဘက်သို့ ပြန်ဆင်းသွားကြောင်း၊ လတ်တလော ၀ နှင့် နအဖ ကြား ဆက်ဆံရေး ပိုမိုတင်းမာလာ နေကြောင်း ၎င်းကဆက်ပြောပြ၏။

“၀ တပ်ဖွဲ့ပြန်လည်ဖွဲ့စည်းပြီး နိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ်အောက်မှာ နေဖို့ စစ်အစိုးရကိုယ်စားလှယ် တွေက ဆန္ဒရှိတာကို ၀အဖွဲ့ကလက်မခံဘူး။ အခုအခြေအနေက ပိုပြီးတင်းမာလာတယ်။ ၀ ဘက် က ပြင်ဆင်မှုတွေ ပိုလုပ် လာတယ်လို့ပြောရမှာဘဲ” - ဟု ဆို၏။

အရှေ့မြောက်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်သန်းထွဋ် ကလည်း သျှမ်းပြည်မြောက်ပိုင်း သံလွင်အရှေ့ခြမ်း ၀ တပ်ဖွဲ့တွေ ကိုပြင်ဆင်ဖွဲ့ စည်းဖို့ သွားရောက်တွေ့ဆုံ ဖိအားပေးခဲ့ရာ မအောင်မြင်သောကြောင့် စစ်သည်၂၀၀- ၃၀၀ ခန့် ပို့၍ အင်အားပြ ခြိမ်းခြောက် ခဲ့သေးကြောင်း၊ အတည်မပြုနိုင်သေးသောသတင်းအရ ၀ နှင့် နအဖ ကြား တိုက်ပွဲငယ်များ ဖြစ်ပွားနေကြောင်း ဆိုပါသည်။