ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ဒေသခံများ ပါ၀င်နိုင်ရေး ရှမ်းနီ ပါတီ တောင်းဆို

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ဒေသခံများ ပါ၀င်နိုင်ရေး ရှမ်းနီ ပါတီ တောင်းဆို
by -
ဇော်ကြီး

အစိုးရနှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO တို့ အကြား ပြုလုပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း ဒေသခံ ပြည်သူများ ပါ၀င်ခွင့်ရရေး တိုင်းလိုင် (ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (TNDP) က တောင်းဆို လိုက်သည်။

nmg-shanni-03
တိုက်ပွဲဖြစ်ပွားမှု တနှစ်ကျော်ကြာ ကာလအတွင်း အစိုးရနှင့် KIO တို့ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ရရှိစေရန် အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း ယနေ့ အချိန်ထိ ပြေလည်မှု မရသေးသည့်အပြင် ဒေသခံ လူထုများ ပို၍နစ်နာနေကြောင်း TNDP ပါတီ ဥက္ကဌ စိုင်းဌေးအောင်က အခုလို ပြောဆိုသည်။

“ဒီငြိမ်းချမ်းရေးက ဘယ်လိုလဲဆိုတာ လူထုကို ချပြပြီးမှ လူထုဆန္ဒ ခံယူစေချင်တယ်။ အဲဒါကြောင့် ပြည်သူလူထု ပါ၀င်သော သုံးပွင့်ဆိုင်ဆိုတာ ထည့်ထားတာဗျ။ ဒီကြားထဲမှာ သူတို့နှစ်ဦးပဲ သွားနေတော့ လူထုက အရမ်းနစ်နာလာတယ်လေ။ တစတစနဲ့  လူထုနစ်နာ လာတဲ့အခါကျတော့ လူထုတွေလည်းပါ၀င် ဆွေးနွေးသင့် တယ်ပေ့ါ။”

ယင်းကိစ္စ ဒေသခံ လူထုဖက်မှ အစိုးရနှင့် KIO အဖွဲ့တို့ထံ တရားဝင် တင်ပြထားခြင်း မရှိသေးသော်လည်း “ပြည်နယ်အတွင်းက စစ်ပွဲတွေ ငြိမ်းချမ်းဖို့အတွက် လူထုက လိုလား တောင်းတနေကြပြီလေ။” ဟု ၎င်းက ဆက်ပြောသည်။

TNDP ပါတီ ဌာနချုပ် ရုံးဖွင့်ပွဲအား ယနေ့ နံနက် (၉) နာရီအချိန်ခန့်က မန္တလေးမြို့ မဟာ အောင်မြေ မြို့နယ် (၆၆) လမ်းနှင့် (၃၉) လမ်းထောင့်တွင် ပြုလုပ်ခဲ့ပြီး အချက် (၄) ချက်ပါ ကြေညာချက် ထုတ်ပြန်၍ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အစိုးရက ပြုလုပ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ကြိုဆိုသော်လည်း လူထု ဆန္ဒအား ဦးစားပေး ဆောင်ရွက်ရန်နှင့် အစိုးရ၊ KIO နှင့် ဒေသခံ လူထုတို့ ပါ၀င်သည့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာမှုမျိုး ပြုလုပ်ရန် ကြေညာချက်က တိုက်တွန်း ထားသည်။ 

ထို့အပြင် တိုင်းရင်းသား လူမျိုးစုများအတွင်း လူမျိုးရေး၊ ဘာသာရေး၊ နယ်မြေပိုင်ဆိုင်ရေး စသည့် အခြေခံအချက်များအပေါ် မူတည်၍ ပဋိပက္ခများ မဖြစ်စေရန် ရှောင်ရှားပြီး ပြည်ထောင်စု စိတ်ဓါတ်ဖြင့် ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲ နေထိုင်ကာ ဒေသအတွင်း ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်သွားရမည်ဟုလည်း ကြေညာချက်က ဖော်ပြသည်။

တိုင်းလိုင် (ရှမ်းနီ) လူမျိုးများအား မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်က ထုတ်ပေးသည့် အမျိုးသား မှတ်ပုံတင် ကဒ်ပြားများနှင့် ယခုနောက်ပိုင်း ထုတ်ပေးသည့် နိုင်ငံသား စိစစ်ရေး ကဒ်ပြားများ ပြုလုပ်ရာတွင် လူမျိုးနေရာ၌ ရှမ်းဗမာဟုသာ ဖော်ပြခွင့် ရခဲ့သည်။

ယင်းအချက်ပေါ် မူတည်၍ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်ရန် ထိန်းသိမ်း သည့် အနေဖြင့် တိုင်းလိုင် (ရှမ်းနီ) လူမျိုးအဖြစ် တရားဝင် နိုင်ငံသား စိစစ်ရေးကဒ်များ ရရှိရန် ဆောင်ရွက်သွားမည် ဟုလည်း ကြေညာချက်က ဖော်ပြသည်။

တိုင်းလိုင် (ရှမ်းနီ) လူမျိုးများသည် ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ အင်းတော်ကြီး၊ ဖားကန့်၊ မြစ်ကြီးနား၊ ၀ုိင်းမော်၊ ပူတာအို၊ ဗန်းမော်၊ ရွှေကူ၊ မိုးမောက်၊ မန်စီ မြို့နယ်များနှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင်၊ ကောလင်း၊ ၀န်းသို၊ အင်းတော်၊ ဗန်းမောက်၊ ကသာ စသည့်မြို့နယ်များ အပြင် ရှမ်းပြည်နယ် မိုးမိတ်နှင့် မဘိန်းမြို့နယ်များတွင် နေထိုင်ကြပြီး အများအားဖြင့် ရှမ်းဗမာဟု လူသိများသည်။ 

တိုင်းလိုင် (ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP အား ၂၀၁၂ ခုနှစ် မေလ (၁၀) ရက်နေ့က မှတ်ပုံတင်ခွင့် ပြုလိုက်ပြီး လောလောဆယ် ပါတီဝင် ငါးထောင်ခန့် ရှိ၍ တနိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေ နှစ်သန်းကျော် ရှိနိုင်ကြောင်း စိုင်းဌေးအောင်က ခန့်မှန်း ပြောဆိုသည်။

ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ SNDP နှင့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ တို့မှ ပေးပို့သည့် သဝဏ်လွှာများအား ရုံးဖွင့်ပွဲ တက်ရောက်လာသည့် ပါတီကိုယ်စားလှယ်များက ဖတ်ကြားခဲ့ပြီး အခြားပါတီများမှ ကိုယ်စားလှယ်များ အပါအဝင် တက်ရောက်သူ (၄၀၀) ခန့်ရှိသည်။

Most read this week