၀ပ်ဆိုင်းမွန်းကျောင်းထိုင်ကိစ္စ မြန်မာသံအမတ် လာရောက် စုံစမ်း

၀ပ်ဆိုင်းမွန်းကျောင်းထိုင်ကိစ္စ မြန်မာသံအမတ် လာရောက် စုံစမ်း
by -
သတင်းနှင့်မီဒီယာကွန်ယက်

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ မြန်မာဘုန်းတော်ကြီး အဆက်ဆက် ကျောင်းထိုင်ခဲ့သည့် ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းကိစ္စ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်း ယနေ့ညနေပိုင်းက လာရောက် စုံစမ်းခဲ့သည်။

nmg-tw-01
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၁၉) ရက်နေ့က ပျံလွန်တော်မူသွားသည့် မြန်မာကျောင်းထိုင် ဆရာတော် ဦးအာသဘ၏ နေရာတွင် ထိုင်းနိုင်ငံ ဥပဒေအရ ထိုင်းသံဃာတပါးအား ကျောင်းထိုင် ပုဂ္ဂိုလ်အဖြစ် အစားထိုးခန့်အပ်ရန် ထိုင်းသာသနာရေးဌာန အပါအဝင် ထိုင်းသံဃာတော်များက စီစဉ်ခဲ့သည်။

ယင်းကိစ္စ မြန်မာကျောင်းထိုင်ဆရာတော် ဆက်လက် ထားရှိရေးအတွက် မြန်မာနိုင်ငံသား ၁၅၀ ကျော်မှ ယခုလ (၉) ရက်နေ့က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ရာ မြန်မာဝပ်ဆိုင်းမွန်း ဗုဒ္ဓဘာသာအသင်းမှ တာဝန်ရှိသူများနှင့် ထိုင်းသာသနာရေး ဌာနတာဝန်ရှိသူများ ညှိနှိုင်းခဲ့ပြီး ထပ်မံ တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့သည်။

လက်ရှိ အခြေအနေများနှင့် ပတ်သက်၍ ၀ပ်ဆိုင်းမွန်း ကျောင်းမှမြန်မာ သံဃာတော်များ အပါအဝင် ဗုဒ္ဓဘာသာအသင်းမှ တာဝန်ရှိသူများအား သံအမတ်ကြီးမှ မေးမြန်းစုံစမ်းခဲ့ပြီး ကူညီဆောင်ရွက်ပေးရန် လာရောက်ခြင်း ဖြစ်ကြောင်း အခုလို ပြောဆိုသည်။

“၀ပ်ဆိုင်းမွန်းကျောင်းမှာ အခုလိုပဲ ကျောင်းထိုင်ပြဿနာလေးတွေမှာ လာပြီးတော့ သံဃာတော်တွေကိုလည်း လျှောက်ရင်း ဒကာ ဒကာမတွေလည်းတွေ့ရင်း အခုလိုပေ့ါ ဖြစ်နိုင်မယ့်နည်းလမ်းလေးတွေ ရှာဖွေဖို့ပေ့ါဗျာ။ အဲဒါလာခဲ့တာ။ အဓိကကတော့ ကျနော်တို့တွေက ၀ုိင်းဝန်းပြီးတော့ ကူညီဆောင်ရွက်ဖို့ တာဝန်ရှိတဲ့အလျောက် လာခဲ့တာပေ့ါ။”

ထို့အပြင် ၎င်း၏လေ့လာချက်အရ လွန်ခဲ့သည့် နှစ်ပေါင်း လေးရာ့ငါးဆယ်ခန့်ကတည်းက ထိုင်းနိုင်ငံအတွင်း တည်ရှိခဲ့သည့် မြန်မာဘုန်းတော်ကြီးကျောင်းများ တစတစ လျော့နည်းလာသလို မြန်မာနိုင်ငံသားများအတွက် မြန်မာကျောင်းထိုင်ဘုန်းတော်ကြီးများ လိုအပ်ကြောင်း ဆက်လက်ပြောဆိုသည်။

“မြန်မာနိုင်ငံသားတွေအတွက် မြန်မာလို တရားနာ၊ တရားဟောပေးမယ့် မြန်မာကျောင်းထိုင် ဘုန်းကြီးတွေ လိုအပ်နေတာပေ့ါနော်။ ဒီလို အခြေအနေမျိုးနဲ့ ကျနော်တို့ တွေက လက်တွေ့ ကျကျပေ့ါ ဖြစ်နိုင်တဲ့ နည်းလမ်းနဲ့ သွားဖို့တော့ လိုတယ်။ ဒါပေမယ့် နည်းနည်း နူးညံ့ သိမ်မွေ့တယ်။ ဒီကိစ္စလေးတွေက။”

လက်ရှိ အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံ ခရီးစဉ် မတိုင်မီ သမ္မတထံ တင်ပြသွားရန်ရှိပြီး အစိုးရတာဝန်ရှိသူချင်း ညှိနှိုင်းဆောင်ရွက်သွားပါက သင့်တော်သည့် နည်းလမ်းများ ရနိုင်မည်ဟု မျော်လင့်ကြောင်း သံအမတ်ကြီး ဦးတင်ဝင်းက ဆက်ပြောသည်။

မြန်မာဝပ်ဆိုင်းမွန်း ဗုဒ္ဓဘာသာအသင်း ဥက္ကဌ ဦးစိုးဝင်းက သံအမတ်ကြီးလာရောက် ဆွေးနွေးပေးသည့်အပေါ် အားရကျေနပ်မှုရှိကြောင်းနှင့် အဓိက မြန်မာဘုန်းတော်ကြီးများ ကျောင်းထိုင်ခွင့်ရလိမ့်မည်ဟု မျော်လင့်ကြောင်း ပြောဆိုသည်။

ထို့အပြင် ယခုကိစ္စ ချင်းမိုင်ခရိုင်သာသနာရေး ၀န်ကြီးနှင့် ထပ်မံဆွေးနွေးရန် ပြောဆိုထားပြီး သတ်မှတ်ရက် မတိုင်မီ အစိုးရ တာဝန်ရှိသူများ လာရောက် ဖြေရှင်းပေးခြင်းက အကောင်းဆုံး ဖြစ်ကြောင်း အခုလို ပြောဆိုသည်။

“အဲလို ဆွေးနွေးတဲ့ပွဲ မတိုင်ခင်မှာ သံရုံးကနေပြီးတော့ ၀င်ရောက် ဖြေရှင်းမယ်ဆိုရင် ကျနော်တို့အနေနဲ့ ဆွေးနွေးစရာ မရှိတော့ဘူးပေ့ါလေ။ ဘာလို့လည်းဆိုတော့ ကျနော်တို့ အဖွဲ့အစည်းတွေ အနေနဲ့ တခုခု အပေးအယူ လုပ်လိုက်လို့ အမှားများ ဖြစ်သွားမယ်ဆိုရင် ကျနော်တို့မှာ တာဝန်ကြီး ရှိပါတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ထက် ရာထူးကြီးတဲ့ အာဏာပိုင် အဖွဲ့က ၀င်ရောက်ဆွေးနွေးတာကို ကျနော်တို့အနေနဲ့  အရမ်းကို လိုအပ်နေပါတယ်။”

၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်း၌ ဆရာတော် ဦးဝရဓမ္မက ပထမဆုံး ကျောင်းထိုင်ဖြစ်ပြီး ဦးဂန္ဓမာလာ၊ ဦဘောဂဓမ္မ၊ ဦးဇိန၊ ဦးသာဒရ၊ ဦးတေဇောသီရိ၊ ဦးအာစိဏ္ဏ၊ ဦးပညာသာရ၊ ဦးဝဇီရိန္ဒနှင့် ယမန်နှစ်က ပျံလွန်တော်မူခဲ့သည့် ဦးအာသဘ စသည့် ဆရာတော် (၁၀) ဆက် သီတင်းသုံးခဲ့ကြောင်း ကျောင်းမှတ်တမ်းများအရ သိရသည်။

ဆရာတော် ဦးအာသဘ (သက်တော် ၉၁၊ ၀ါတော် ရ၀) သည် ၁၃၀၈ ခုနှစ် နယုန်လပြည့်ကျော် ၁၄ ရက်မှ စတင်၍ ၀ပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် (၆၅) နှစ်ကျော် သီတင်းသုံးလာခဲ့ သည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း သီတင်းသုံးနေထိုင်သော မြန်မာ ဘုန်းတော်ကြီးများ ပျံလွန်ပါက ထိုင်းနိုင်ငံသား သံဃာတော်များသာလျင် ကျောင်းထိုင် ပုဂ္ဂိုလ် ဖြစ်ခွင့်ရှိသည်ဟု ထိုင်းနိုင်ငံဥပဒေ က ပြဌာန်း ထားကြောင်း သိရသည်။