NLD ကျေညာချက်အား KIO တုန့်ပြန်

NLD ကျေညာချက်အား KIO တုန့်ပြန်
by -
ဇော်ကြီး

ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲ ဖြစ်မြောက်နိုင်ရေးအတွက် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO နှင့် ညှိုနှိုင်းလိုသည် ဆိုသည့် အမျိုးသား ဒီမိုရေစီ အဖွဲ့ချုပ် NLD ၏ ကျေညာချက်ကို KIO အဖွဲ့က ကျေညာချက် တစောင်ဖြင့် တုန့်ပြန်လိုက်သည်။

ကချင်ပြည်နယ်အတွင်း လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ ပြုလုပ်ကျင်းပမည် ဆိုပါက ကူညီဆောင်ရွက် သွားမည်ဟု ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO က ယနေ့ထုတ်ပြန်သော ကျေညာချက် တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ ကော်မရှင်က ဆိုင်းငံ့လိုက်သည့် ဒေသများသည် မြို့ပေါ် ဒေသများဖြစ်သည့်အပြင် “တကယ်လို့သာ ကျနော်တို့ KIO နဲ့ ဆက်စပ်တဲ့ နယ်မြေတွေမှာ အခက်အခဲ ရှိတယ်ဆိုရင် ကျနော်တို့ဖက်က ပါ၀င်ဆောင်ရွက်လို့ရတယ်။ ကူညီလို့ရတယ်ဆိုတဲ့ သဘောမျိုးကို ကျနော်တို့က သိစေချင်တာပါ။”  ဟု KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

ဧပြီလ (၁) ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်၊ မိုးကောင်းနှင့် ဗန်းမော် မြို့နယ်များရှိ မဲဆန္ဒနယ် များတွင် လုံခြံုရေး အခြေအနေအရ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိကြောင်း မတ်လ (၂၃) ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကျေညာခဲ့သည်။

ယင်းကိစ္စအပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက မတ်လ (၂၆) ရက်နေ့ရက်စွဲဖြင့်  ကျေညာချက်တစောင် ထုတ်ပြန်လိုက်ပြီး “ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ကိစ္စအား KIA/ KIO နှင့် ဆွေးနွေး ညှိနှိုင်းရန် ဆန္ဒရှိသည်” ဟု ဖော်ပြထားသည်။

လာမည့် ရွေးကောက်ပွဲ၌ ဆိုင်းငံ့ခံရသည့် မြို့နယ် သုံးခုတွင် ရွေးကောက်ပွဲ ဖြစ်မြောက် ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါက မိမိတို့ ပါတီမှ ကြားဝင်ဆောင်ရွက် ပေးလိုသည့် ဆန္ဒရှိသည်ဟု NLD ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင် တဦးလည်းဖြစ် သဘာပတိ အဖွဲ့ဝင်လည်း ဖြစ်သည့် ဦးဝင်းတင်က ပြောသည်။

“အခုက ရှင်းရှင်းပြောရရင်တော့ အကြောင်းပြချက် အမျိုးမျိုးပြပြီးတော့ အစိုးရကနေပြီးတော့ ဆုံးဖြတ် တာပဲ။ အဲဒါကို ကျနော်တို့က ဖြေရှင်းလို့ရအောင် ကျနော်တို့ NLD အနေနဲ့ ပါ၀င်ဆောင်ရွက်ဖို့လိုရင် ပါ၀င် ဆောင်ရွက်ပေးမယ်၊ ညှိနှိုင်းပေးမယ်ဆိုတာကို ပြောတာ။ အစိုးရကလည်း လက်ခံမယ်၊ ဒီဖက် (KIO) ကလည်း လက်ခံမယ်ဆိုရင် ရွေးကောက်ပွဲတွေ မပျက်ဘဲနဲ့ ဖြစ်သွားဖို့ အဲဒါကို ကျနော်တို့က ရည်ရွယ်တာပါပဲဗျ။”

ယင်းသို့ ညှိနှိုင်းဆွေးနွေးနိုင်ရန် ရွေးကောက်ပွဲ ကော်မရှင် (သို့မဟုတ်) နိုင်ငံတော် အစိုးရက တစုံတရာ ဆောင်ရွက်ပေးမည် ဆိုပါက ကချင်ပြည်နယ် အတွင်း၌လည်း ရွေးကောက်ပွဲများ ပြုလုပ် ကျင်းပနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း NLD ကျေညာချက်က ဆိုသည်။

NLD ပါတီ၏ ကျေညာချက်အပေါ် KIO က ကြိုဆိုလိုက်ပြီး “ဒါကလည်း KIO ကြောင့် ရွေးကောက်ပွဲ မဖြစ်ဘူးလို့ ပြောတဲ့ အဓိပ္ပါယ်တော့ မဟုတ်ဘူးလို့ ကျနော်တို့က ထင်တယ်။” ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ဆိုသည်။ 

ထို့အပြင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကာလကလည်း တစုံတရာ နှောင့်ယှက်မှု မပေးခဲ့ကြောင်းနှင့် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ကူညီမှုများ ပေးခဲ့ကြောင်း ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် ကျေညာချက်၌ ဖော်ပြထားသည်။ 

“ရွေးကောက်ပွဲ ကော်မရှင်ကနေ ထုတ်တဲ့ အထဲမှာ KIO ကြောင့်မို့လို့ မပါပေမယ့် တချို့ ပြည်လူထုတွေ အနေနဲ့ KIO နဲ့ တိုက်ပွဲဖြစ်နေတဲ့ အတွက်ကြောင့်မို့ ရွေးကောက်ပွဲကို ရွေ့ဆိုင်းလိုက်ရ တာလားဆိုတဲ့ အမြင်မျိုး ဖြစ်သွားမှာစိုးလို့ ကျနော်တို့က ဒီကိစ္စကို ထုတ်ပြန်ရတာ ဖြစ်တယ်။” ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

ထို့အပြင် လိုအပ်လာပါက ရွေးကောက်ပွဲ ကိစ္စသာမက မည်သည့် ကိစ္စမျိုး၌မဆို NLD ပါတီနှင့် တွေ့ဆုံညှိနှိုင်းရန် အသင့်ရှိကြောင်း ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောဆိုသည်။

လာမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ လစ်လပ်သွားသည့် မဲဆန္ဒနယ် (၄၈) ခု ရှိပြီး ကချင်ပြည်နယ်မှ မဲဆန္ဒနယ် (၃) ခုအား ရက်ရွေ့ဆိုင်းထားခြင်း ဖြစ်သည်။

ကချင်ပြည်နယ်အတွင်း ရွေ့ဆိုင်းထားသည့် မဲဆန္ဒနယ် (၃) ခုအား လုံခြံုရေးအခြေအနေ ကောင်းမွန်လာပါက တရားမျှတပြီး လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပပေးသွားမည်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက သတင်းထောက်များကို ပြောသည်။

Most read this week