ရထားဝန်ကြီး ပြည်ပ အခြေစိုက် အတိုက်အခံများနှင့် တွေ့

ရထားဝန်ကြီး ပြည်ပ အခြေစိုက် အတိုက်အခံများနှင့် တွေ့
by -
ဇော်ကြီး

ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့က ပြည်ပ အခြေစိုက် အတိုက်အခံ အင်အားစုများ ဖြစ်သည့် NLD (LA)၊ DPNS အဖွဲ့များနှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ သီးခြားစီ တွေ့ဆုံခဲ့သည်။

au-aung-min
ပြည်ပ အခြေစိုက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD (LA) ပါတီ ဥက္ကဌ ဦးဘိုသောင်း ဦးဆောင်သည့် အဖွဲ့ဝင် (၅) ဦးနှင့် ၀န်ကြီးဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ ယနေ့ နေ့လည် ပိုင်းက တွေ့ဆုံခဲ့ပြီး လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေများ အပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပဏာမ တွေ့ဆုံမှု ဖြစ်၍ တစုံတရာ သဘောတူညီမှု မရခဲ့သော်လည်း လက်ရှိ အစိုးရအဖွဲ့မှ ဦးစားပေး လုပ်ဆောင်သင့်သည့် အချက်များအား အကြံပြုခဲ့ကြောင်းနှင့် နှစ်ဖက် ထပ်မံ တွေ့ဆုံရန် ရှိကြောင်း NLD (LA) ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးမိုးဇော်ဦးက အခုလိုပြောသည်။

“လက်ရှိ အခြေအနေမှာ အရေးအကြီးဆုံး ကတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးပေ့ါ။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ပြည်တွင်းမှာ ရှိတဲ့ ခေါင်းဆောင်တွေရော၊ လက်ရှိ ၀န်ကြီးဦးဆောင်တဲ့ အဖွဲ့ကရော ကြိုးစားနေတဲ့ ကိစ္စတွေရှိတယ်လေ။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ မြင်တဲ့ အမြင်တွေပေ့ါနော်။ ဘယ်ကိစ္စတွေကတော့ ပိုပြီး ဦးစားပေး လုပ်သင့်တယ် စသည်ဖြင့် အဲဒါတွေကို ဆွေးနွေးပြီးတော့ အကြံပြုတဲ့ သဘောလောက် ပါဘဲ။”

ထို့အပြင် လက်ရှိ အခြေအနေပေါ် မူတည်၍ ကျေနပ်လောက်သည့် အပြောင်းအလဲများ ဖြစ်ပေါ် လာပါက NLD (LA) အဖွဲ့၏ ရပ်တည်ချက်နှင့် အသွင်သဏ္ဍာန်ကို  ပြောင်းလဲလုပ်ဆောင် သွားမည်ဟုလည်း ဆိုသည်။

တချိန်တည်းတွင် မြန်မာနိုင်ငံ ဒီမိုကရက်တစ် တပ်ပေါင်းစု FDB အဖွဲ့ခေါင်းဆောင်များနှင့် ညနေ (၃) နာရီ ကျော်ခန့်က တွေ့ဆုံခဲ့ရာ လက်ရှိ ပြောင်းလဲနေသည့် နိုင်ငံရေး အနေအထားအရ ပြည်ပ ရောက်နေသူများ မြန်မာနိုင်ငံသို့ပြန်လာ၍ ပူးပေါင်းဆောင်ရွက်ကြရန် ၀န်ကြီးက ပြောဆိုခဲ့ကြောင်း FDB ဥက္ကဌ ဒေါက်တာနိုင်အောင်က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လွတ်လပ်ခွင့်နှင့် လုံခြံုမှုရှိရန် အာမခံချက်ပေးနိုင်သည့် နိုင်ငံရေး အခင်း အကျင်းသို့ ဦးတည်သွားနိုင်မှသာ ပို၍သင့်တော်မည်ဟု ၀န်ကြီးအား အကြံပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အဲလိုမျိုးလုပ်နိုင်တဲ့ အနေအထားမျိုိး ဖြစ်ဖို့ဆိုတာလည်း ယုံကြည်မှု တည်ဆောက်ဖို့၊ အားလုံး စိတ်လက်ချမ်းသာ ရှိစေမယ့် နိုင်ငံရေး ၀န်းကျင် လိုအပ်တာပေ့ါ။ အဲဒါကြောင့်မို့လို့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးတဲ့ ကိစ္စတွေ၊ တနိုင်ငံလုံး ထိုးစစ်တွေ ရပ်ဖို့ကိစ္စတွေ၊ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်ဖို့ကိစ္စတွေ ဒါတွေ လိုပါတယ်ပေ့ါ။” 

နှစ်ဖက် တွေ့ဆုံမှုနှင့် ပတ်သက်၍ တစုံ တရာ သဘောတူညီမှု မရခဲ့ကြောင်းနှင့် ယနေ့ တွေ့ဆုံပွဲတွင် တန်းတူညီမျှ ဆွေးနွေးခွင့် ရသည့်အတွက် ကျေနပ် ၀မ်းသာကြောင်း ယင်းအဖွဲ့များက ဆိုသည်။

NLD (LA) အဖွဲ့အား ပြည်ပသို့ ထွက်ခွာလာသည့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ လွတ်တော်အမတ်များ အပါအဝင် လူငယ်အဖွဲ့ဝင်များဖြင့် ထိုင်းမြန်မာနယ်စပ်တွင် ဖွဲ့စည်းခဲ့ပြီး FDB အား ပြည်ပအခြေစိုက် အဖွဲ့အစည်း (၇) ခုဖြင့် ဖွဲ့စည်းထားသည်။

၀န်ကြီး ဦးအောင်မင်းနှင့် အဖွဲ့သည် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS၊ ပအို၀်းအမျိုးသား လွတ်မြောက်ရေးအဖွွဲ့ PNLO အဖွဲ့များနှင့် ယမန်နေ့က ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံခဲ့ပြီး ယနေ့နံနက်က လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့ တခုဖြစ်သည့် ကရင်နီပြည် တိုးတက်ရေးပါတီ KNPP နှင့်လည်း ဆွေးနွေးခဲ့သည်။

Most read this week