အစိုးရနှင့် အပစ်ရပ်ရေး SSA/ SSPP လက်မှတ်ထိုး

အစိုးရနှင့် အပစ်ရပ်ရေး SSA/ SSPP လက်မှတ်ထိုး
by -
ဇော်ကြီး

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSA/ SSPP နှင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်သည့် အချက်ငါးချက်ကို သဘောတူ လက်မှတ် ရေးထိုးလိုက်သည်။

ssa north

အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့မှ ဦးအောင်သောင်း ဦးဆောင်သည့် အဖွဲ့နှင့် SSA/ SSPP ဖက်မှ နိုင်ငံခြားရေးတာဝန်ခံ စောဝ်ခေးတိုင်း ဦးဆောင်၍ ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ပြည်နယ်အစိုးရရုံးတွင် ယနေ့နံနက်က ဆွေးနွေးခဲ့သည်။

ဦးစွာ ပြည်နယ်အဆင့် ဆွေးနွေးပွဲမှ ပဏာမ သဘောတူညီချက် များကို ပြည်ထောင်စု အဆင့် တွင် ပြန်လည် ဆွေးနွေးခဲ့ပြီး သဘောတူ လက်မှတ် ရေးထိုးခဲ့သည်ဟု အစည်းအဝေး တက်ရောက် ခဲ့သူလည်းဖြစ် SSA/ SSPP ၏ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သူ ဗိုလ်မှူး စိုင်းလှက အခုလို ပြောသည်။

“ကျနော်တို့ ပြည်နယ် အဆင့်နဲ့ အရင်ဆုံး ဆွေးနွေးတယ်လေ။ ပြည်နယ်အဆင့်ပြီးတော့ ကျနော်တို့ သဘောတူညီချက်တွေကို ဆက်ပြီးတော့ ပြည်ထောင်စု အဆင့်နဲ့ ဆွေးနွေးတယ်။ အဲဒါကို အတည်ပြုတာပေ့ါ။”

ဆွေးနွေးပွဲအား နှစ်ပိုင်းခွဲခြားထားပြီး ပြည်နယ်အဆင့်တွင် SSA/ SSPP ဖက်မှ ဗိုလ်မှူးကြီး စောဝ်ခွန်ဆျဲန် ဦးဆောင်၍ အဖွဲ့ဝင် (၅) ဦးက လက်မှတ် ရေးထိုးခဲ့ပြီး ပြည်ထောင်စု အဆင့်တွင် နိုင်ငံခြားရေး တာဝန်ခံ စောဝ်ခေးတိုင်း ဦးဆောင်သည့် အဖွဲ့ဝင် (၆) ဦးတို့က လက်မှတ် ရေးထိုးခဲ့သည်။

နှစ်ဖက် အပစ်အခတ်ရပ်စဲရေး အပါအဝင် SSA/ SSPP ဌာနချုပ်အား ၀မ့်ဟိုင်းတွင် အခြေပြု၍ တပ်ဖွဲ့ဝင်များအား လက်ရှိ နေရာများတွင် ယာယီ အခြေပြု နေထိုင်သွားရန်၊ လိုအပ်သည့်နေရာ များတွင် တပ်မဟာ ဌာနချုပ်များ ဖွင့်လှစ်ရေး ဆက်လက် ဆွေးနွေးရန်၊ တောင်ကြီးှ၊ လားရှိုး၊ ခိုလမ် မြို့များတွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်၊ နှစ်ဖက် သဘောတူထားသည့် နယ်မြေများမှ အပ လက်နက်ကိုင်ဆောင်၍  နယ်မြေကျော် ဖြတ်သန်းသွားလာပါက နှစ်ဖက် ကြိုတင် ညှိနှိုင်း ဆောင်ရွက်ရန် စသည်တို့ သဘောတူ ခဲ့သည်။

ယနေ့ ဆွေးနွေးပွဲနှင့် ပတ်သက်၍ “ပင်လုံစိတ်ဓါတ်ကို အရင်းခံ၍ ပြည်ထောင်စု မပြိုကွဲအောင် ပူးပေါင်း တည်ဆောက်ရေး ဆိုတဲ့နေရာမှာ ပင်လုံစိတ်ဓါတ်ကို အရင်းခံတယ်ဆိုတော့ ကျနော်တို့ အားရမိတာပေ့ါ ခင်ဗျ။” ဟု ဗိုလ်မှူး စိုင်းလက ပြောသည်။

သဘောတူညီချက် ငါးချက်နှင့် ပတ်သက်သည့် လက်တွေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော် နိုင်ရေးအတွက် နှစ်ဖက် ကိုယ်စားလှယ်များ မကြာခင် ထပ်မံတွေ့ဆုံရန်ရှိသော်လည်း နေ့ရက်နှင့် အချိန်ကို မသတ်မှတ်ရသေးကြောင်း ဆက်လက် ပြောဆိုသည်။

လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ (၂၉) ရက်နေ့က အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဥက္ကဌ ဦးသိန်းဇော်နှင့် နေပြည်တာ်တွင် တွေ့ဆုံခဲ့စဉ် အစိုးရဖက်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လေးရပ်ကို ချပြခဲ့သော်လည်း တစုံတရာ သဘောတူညီမှု မရခဲ့ပေ။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSA/ SSPP သည် ၁၉၈၉ ခုနှစ် စစ်အစိုးရလက်ထက်က အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၀ ခုနှစ်က နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ် ဖွဲ့စည်းရေးကို လက်မခံ ငြင်းဆန်ခဲ့သည့်နောက် ၂၀၁၁ ခုနှစ် မတ်လမှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

Most read this week