အပစ်ရပ်ရေး အစိုးရနှင့် SSA/ SSPP တွေ့မည်

အပစ်ရပ်ရေး အစိုးရနှင့် SSA/ SSPP တွေ့မည်
by -
ဇော်ကြီး

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSA/ SSPP တပ်ဖွဲ့က အပစ်အခတ် ရပ်စဲရေး ဆွေးနွေးရန် ယခုလ ကုန်ပိုင်းမှာ အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမည်ဟု ရှမ်းပြည် လူထုထံ အသိပေး ပြောဆိုလိုက်သည်။

sspp-ssa-gruop
ပြည်ထောင်စု အစိုးရက ၂၀၁၁ ခုနှစ် သြဂုတ်လ (၁၈) ရက်နေ့စွဲဖြင့် ငြိမ်းချမ်းရေး ကမ်းလှမ်းချက် ထွက်ပေါ်ခဲ့သည့် နောက် SSA/ SSPP မှ ပြည်တွင်းပြည်ပရှိ ရဟန်းသံဃာများနှင့် ရှမ်းပြည်သူလူထု တရပ်လုံးထံ ၂၀၁၁ ခုနှစ် နို၀င်ဘာလ (၂၂) ရက်စွဲဖြင့် လူထုဆန္ဒ ကောက်ခံသည့် ကြေညာချက်ထုတ် ပြန်ခဲ့သည်။

ယင်းကြေညာချက်အရ လူထု (၇၀) ရာခိုင်နှုန်းမှ လက်ခံ သဘောတူသည့်အတွက် အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်ကို စတင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇန္နဝါရီလ (၂၂) ရက် နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်၍ လူထုထံ အသိပေးလိုက်သည်။ 

အစိုးရ ကိုယ်စားလှယ်ဖက်မှ ပါ၀င်မည့် ပုဂ္ဂိုလ်များကို မသိရသေးသော်လည်း SSA/ SSPP ဖက်မှ နိုင်ငံရေး ဦးဆောင်အဖွဲ့ ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ခွန်ဆျဲန် ဦးဆောင်သည့် အဖွဲ့ဝင် (၇) ဦးခန့်ပါ၀င်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့တွင် တွေ့ဆုံကြမည်ဟု SSA/ SSPP အဖွဲ့ အတွင်းရေးမှူး (၂) လည်းဖြစ်၊ ပြည်တွင်းပြည်ပ ဆက်ဆံရေး တာဝန်ခံလည်းဖြစ်သူ ဗိုလ်မှူးကြီး စိုင်းထူးက အခုလို ပြောသည်။

“ကျနော်တို့ ပထမ ယုံကြည်မှု တည်ဆောက်ရေး ဆိုတဲ့နေရာမှာ အစိုးရက ဘယ်လောက် အတိုင်းအတာ လက်ခံနိုင်ပါ့မလဲ။ တပ်ဆုတ်ရေးနဲ့ အပစ်ရပ်စဲရေး ကိစ္စ ဒါလေးတွေ ကျနော်တို့ ပထမအဆင့် အနေနဲ့ သွားပြီးတော့ တွေ့ဆုံပြီးမှ ဆွေးနွေးမယ် ခင်ဗျ။”

ထို့အပြင် လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ (၂၉) ရက်နေ့က အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဥက္ကဌ ဦးသိန်းဇော်နှင့် နေပြည်တော်တွင် ပထမအကြိမ် တွေ့ဆုံခဲ့ သေးသည်။

ထိုစဉ်က ဌာနချုပ် ၀မ့်ဟိုင်းအနီး တပ်စွဲထားသည့် အစိုးရတပ်များ ပြန်လည် ရုပ်သိမ်းပေးရန် SSA/ SSPP ဖက်က တောင်းဆိုခဲ့သော်လည်း အစိုးရဖက်က ယနေ့အချိန်ထိ လိုက်လျောမှု မရှိသေးကြောင်း ဗိုလ်မှူးကြီး စိုင်းထူးက ပြောသည်။

“တပ်တွေက မဆုတ်သေးဘူး။ တည်ဆဲနေရာတွေမှာ ရှိနေတုန်းပဲ။ ၀မ့်ဟိုင်း တောင်ဖက် တနေရာဘဲ ဆုတ်ပေးတာ ရှိတယ်။ ဆုတ်ပေးတာက ၀မ့်ဟိုင်းနဲ့ မိန်းရှူး လမ်းခွဲမှာ တပ်စွဲထားတဲ့ တပ်ကနေ အဲဒီနေရာမှာ မရှိဘဲနဲ့ ပန်ဝိုး ဆိုတဲ့ နေရာမှာ ပြန်စွဲထားတယ် ခင်ဗျ။ ပန်ဝိုးဆိုတာက မိန်းလောဝ်နဲ့ မိန်းရှူးကြားက ကြားစခန်းပေ့ါ ခင်ဗျ။”

ပထမအကြိမ် တွေ့ဆုံပွဲ၌ အပစ်အခတ်ရပ်စဲရေး၊ နှစ်ဖက် ဆက်ဆံရေးရုံးများ ထားရှိရေး၊ တဖက်နှင့် တဖက် နယ်မြေ ဖြတ်သန်းပါက ခွင့်ပြုချက် ရယူရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည့် လုပ်ငန်းစဉ် လေးရပ်ကို အစိုးရဖက်မှ ချပြခဲ့သော်လည်း တစုံတရာ သဘောတူညီမှု မရခဲ့ပေ။ 

လာမည့် တွေ့ဆုံပွဲတွင် ပထမအဆင့် အပစ်အခတ် ရပ်စဲရေးကို လက်ခံ သဘောတူပါက နိုင်ငံရေးအရ ဆွေးနွေးပွဲများကို လက်နက်ကိုင် တိုင်းရင်းသား တပ်ပေါင်းစုတခုဖြစ်သည့်  ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အနေဖြင့် ဆွေးနွေးသွားမည် ဟုလည်း ဗိုလ်မှူးကြီး စိုင်းထူးက ဆိုသည်။

UNFC အဖွဲ့ကို ကချင်၊ ကရင်၊ မွန်၊ ချင်း၊ ရှမ်း စသည့် အမာခံ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များ အပါအဝင် ဆက်စပ်အဖွဲ့ဝင် (၆) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။ ယင်းတို့အနက် ကရင်နှင့် ချင်း တပ်ဖွဲ့များသည် လွန်ခဲ့သည့် ဇန္နဝါရီလ ဆန်းပိုင်းက ပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ပဏာမအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSA/ SSPP သည် ၁၉၈၉ ခုနှစ် စစ်အစိုးရ လက်ထက်က အပစ်အခတ်ရပ်စဲခဲ့ပြီး ၂၀၁၀ ခုနှစ် နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ် ဖွဲ့စည်းရေးကို လက်မခံ ငြင်းဆန်ခဲ့သည့်နောက် ၂၀၁၁ ခုနှစ် မတ်လမှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

Most read this week