SNDP ကမ်းလှမ်းချက် SNLD ငြင်းဆို

SNDP ကမ်းလှမ်းချက် SNLD ငြင်းဆို
by -
ဇော်ကြီး

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဥက္ကဌ ဦးခွန်ထွန်းဦးအား လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီ SNDP မှ ၀င်ရောက်ယှဉ်ပြိုင်ရန်  ကမ်းလှမ်းချက်ကို လက်မခံနိုင်ကြောင်း SNLD ပါတီက ငြင်းဆိုလိုက်သည်။

Hkun Tun Oo
ပါတီ မြို့နယ် စည်းရုံးရေးမှူး (၄၀) ကျော်နှင့် CEC အဖွဲ့ဝင် (၁၇) ဦးတို့က ရန်ကုန်မြို့ ကိုးမိုင်လမ်းရှိ ဦးခွန်ထွန်းဦး၏ နေအိမ်တွင် ကျင်းပခဲ့သည့် နှစ်ရက်ကြာ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့သည်ဟု SNLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က အခုလို ပြောသည်။

ဥက္ကကြီး ခွန်ထွန်းဦးကို SNDP ကိုယ်စားလှယ်အနေနဲ့ လားရှိုး အမျိုးသား လွတ်တော် နေရာမှာ လာရောက် အရွေးခံဘို့ လာရောက်ကမ်းလှမ်းတယ်ဗျာ။ အဲဒါ ကျနော်တို့ SNLD အဖွဲ့ကနေပြီးတော့ ကမ်းလှမ််းချက်ကို ကြိုဆိုတယ်။ ဒါပေမယ့် အခြေအနေ အကြောင်းကြောင်းကြောင့် လက်မခံနိုင်ဘူး ဆိုတာကို ဒီနေ့ဘဲ အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင် လက်မှတ်ထိုးပြီးတော့မှ SNDP ရုံးကို ပို့လိုက်ပါပြီ။

ယခုလ (၁၈) ရက်နေ့က ဦးခွန်ထွန်းဦး၏ နေအိမ်သို့ ကျားဖြူခေါ် SNDP ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း အပါအဝင် အတွင်းရေးမှူး ဦးစိုင်းလှကျော်၊ ဘဏ္ဍာရေးမှူး (၁) ဦးစဝ်ယွန်းပိုင်နှင့် ဘဏ္ဍာရေးမှူး (၂) ဦးစောသန်းမြင့်တို့မှ သွားရောက် ကမ်းလှမ်းသည့် အပေါ် ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

သွားရောက်ကမ်းလှမ်းစဉ် ဦးခွန်ထွန်းဦးမှ မိမိတဦးတည်း၏ ဆန္နဖြင့် ဆုံးဖြတ်ချက် မချလိုကြောင်းနှင့် SNLD ပါတီ CEC အစည်းအဝေး ဆုံးဖြတ်ချက်အရသာ ပြန်လည် အကြောင်းကြားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ဇန္နဝါရီလ (၁၉) ရက်နှင့် (၂၀) ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကျားဖြူပါတီထံ အကြောင်းကြား ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေး မပြီးဆုံးသေးကြောင်းနှင့် SNLD ပါတီ မှတ်ပုံတင်ရေး မတင်ရေးနှင့် လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း ပြုမပြုကိုလည်း ဆုံးဖြတ်၍ မရသေးကြောင်း ဆက်လက် ပြောဆိုသည်။ 

ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဘို့တော့ ကျနော်မထင်ဘူး။ ဒါက ကျနော့် တယောက်ထဲရဲ့ သဘောပေ့ါနော်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ အစည်းအဝေးကလည်း မပြီးသေးဘူး။ ဖြစ်ချင်းဖြစ်ရင်တော့ ၂၀၁၅ ကျမှ ၀င်ရင်လည်း ၀င်မှာပေ့ါနော်။ အခု ပါတီ မှတ်ပုံတင်ဖို့တောင်မှ ယတိပြတ် မဆုံးဖြတ်ရသေးပါဘူး။”

ထို့အပြင် ပါတီ၏ ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်၍ “ကျနော်တို့ကတော့ ဒီမိုကရေစီအရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တည်းခွင့်၊ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်တွေကို ယုံယုံကြည်ကြည်နဲ့ တောင်းဆိုသွားမယ့် တခြား ဘယ်လို  အဖွဲ့အစည်းနဲ့ မဆို လက်တွဲ ဆောင်ရွက်သွားဖို့ကို မူချမှတ်ထား ပါတယ်။ ဒါက SNLD ရဲ့ မူဖြစ်တယ်။ အဲဒီမူအတိုင်းဘဲ ဆက်သွားမှာ ဖြစ်ပါတယ်။” ဟု ဦးစိုင်းလိတ်က ဆိုသည်။

ဦးခွန်ထွန်းဦး ဦးဆောင်သည့် SNLD ပါတီသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်း အတာဖြင့် ဒုတိယမဲ အများဆုံး အနိုင်ရခဲ့သော်လည်း၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် ခဲ့ခြင်း မရှိပါ။

သို့သော် ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း ဦးဆောင်သည့် ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ တိုးတက်ရေး ပါတီ SNDP က ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ် (၅၇) နေရာဖြင့် တတိယမဲ အများဆုံး အနိုင်ရခဲ့သည်။

Most read this week