တောင်ပိုင်း SSA အပစ်ရပ်ရေး သဘောတူ

တောင်ပိုင်း SSA အပစ်ရပ်ရေး သဘောတူ
by -
ဇော်ကြီး

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှင့် ရှမ်းပြည်တပ်မတော် တောင်ပိုင်းခေါ် ရှမ်းပြည် ပြန်လည်တည်ဆောက်ရေး ကောင်စီ SSA/ RCSS အဖွဲ့ နှစ်ဖက် ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး ခဲ့ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့သည်။

nmg-news-pt-19

အစိုးရဖက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ RCSS ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်သည့် အဖွဲ့တို့ ယခုလ (၁၉) ရက်နေ့က ထိုင်းမြန်မာ နယ်စပ်တနေရာတွင် တွေ့ဆုံဆွေးနွေးခဲ့ရာ မူအားဖြင့် သဘောတူခဲ့သည်ဟု တောင်ပိုင်း SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက အခုလို ပြောသည်။

“သဘောထားချင်းလည်း တိုက်ဆိုင်တယ်ဆိုတော့ ပထမအဆင့်အနေနဲ့ မူအားဖြင့်တော့ ကျနော်တို့ လက်ခံပါတယ်ဆိုတဲ့ အကြောင်း နုတ်အနေနဲ့ ပြောကြားခဲ့ပါတယ်။”

ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး စီမံကိန်းနှင့် ပတ်သက်သည့် အဆင့်သုံးဆင့်ကို ၀န်ကြီး ဦးအောင်မင်းက ရှင်းပြခဲ့သည်ဟုလည်း “တစ်အချက်ကတော့ အပစ်အခတ် ရပ်စဲရေး နှစ်အချက် ကတော့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း သုံးအချက်ကတော့ နိုင်ငံရေး ပြဿနာ များကို ဖြေရှင်းဖို့အမျိုးသား ညီလာခံ ပုံစံမျိုးတရပ် အစိုးရကနေ ကျင်းပပေးမယ် ဆိုတဲ့အကြောင်း ကျနော်တို့ကို ရှင်းပြပါတယ်။” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့အပြင် စီမံကိန်း ပထမအဆင့် အနေဖြင့် အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ထားရှိရေး၊ နယ်မြေဖြတ်သန်း သွားလာရာတွင် နှစ်ဖက် တပ်များ လက်နက်ကိုင်ဆောင်ခွင့် မပြုရေး၊ နိုင်ငံရေး ကိစ္စများကို ပြည်ထောင်စု အစိုးရနှင့် တိုက်ရိုက်ဆွေးနွေးရေး စသည့် အချက်လေးချက်ကို ဆောင်ရွက်သွား ရန်ရှိသည်ဟုလည်း ဦးအောင်မင်းက ပြောဆိုခဲ့သည်။

လောလောဆယ်တွင် နုတ်အားဖြင့် သဘောတူခဲ့ကြပြီး အသေးစိတ် အချက်အလက်များကို ထပ်မံ ဆွေးနွေးပြီးမှသာ တရားဝင် လက်မှတ်ထိုးသည့်အဆင့်သို့ ရောက်မည်ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

“ပထမ အဆင့်နဲ့ပဲ အရင်ဆုံးသွားမယ်ဆိုတော့ နောက်တကြိမ် ထပ်မံ တွေ့ဆုံတဲ့ အချိန်မှာလည်း ၀န်ကြီး ဦးအောင်မင်း ရှင်းလင်း ပြောကြားသွားတဲ့ ပထမ အဆင့်ရဲ့ အချက်လေးချက် အပေါ် မှာပဲ ကျနော်တို့ ထပ်မံပြီးတော့ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။”

SSA ဖက်ကလည်း အပစ်အခတ်ရပ်စဲရေး အပါအဝင် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းရန်၊ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် မူးယစ်ဆေးဝါး ပြဿနာများကို အစိုးရနှင့် ပူးပေါင်းတိုက်ဖျက်ရန် တို့ကို တင်ပြခဲ့သည်။

ဆွေးနွေးပွဲတွင် မြန်မာ့ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး ဥရောပရုံး Euro-Burma Office မှ ညွှန်ကြား ရေးမှူး ဦးဟန်ယောင်ဟွေ၊ Myanmar Egress အဖွဲ့မှ ဒေါက်တာ နေဝင်းမောင်၊ ဒေါက်တာ ကျော်ရင်လှိုင်နှင့် ဦးတင်မောင်သန်းတို့ ပါ၀င်ဆွေးနွေးခဲ့သည်။

ဒု-ဗိုလ်ချုပ်ကြီး ယွက်ဆစ်ဦးဆောင်သည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်းခေါ် ရှမ်းပြည်ပြန်လည် တည်ဆောက်ရေး ကောင်စီ SSA/ RCSS တပ်ဖွဲ့သည် ယခင် အစိုးရလက်ထက်က အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ရယူခဲ့ခြင်း မရှိဘဲ ယခု အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ခြင်း ဖြစ်သည်။

အစိုးရနှင့် တောင်ပိုင်း SSA တပ်ဖွဲ့တို့ လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် မေလက အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနိုင်ရန် နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံဖို့ ကြိုးစားခဲ့သော်လည်း အစီအစဉ် ပျက်ပြားခဲ့ ဘူးသည်။

Most read this week