မြောက်ပိုင်း SSA နှင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့ ပဏာမ တွေ့ဆုံ

မြောက်ပိုင်း SSA နှင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့ ပဏာမ တွေ့ဆုံ
by -
ဇော်ကြီး

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ပဏာမ ဆွေးနွေးမှုအဖြစ် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ခေါ် ရှမ်းပြည် တိုးတက်ရေး ပါတီ SSA/ SSPP နှင့် အစိုးရ ကိုယ်စားလှယ်တို့ နေပြည်တော်တွင်တွေ့ဆုံ ခဲ့သည်။

shan-state-army-2011
မြောက်ပိုင်း SSA မှ စောဝ်နော်လိတ်ခေါ် စိုင်းထွေး ဦးဆောင်သည့်အဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဥက္ကဌ ဦးသိန်းဇော်တို့ အောက်တိုဘာလ (၂၉) ရက်နေ့က တွေ့ဆုံခဲ့ပြီး SSA ဘက်က အချက်နှစ်ချက်ကို တင်ပြခဲ့သည်ဟု မြောက်ပိုင်း SSA မှ အမည်မဖော်လိုသည့် အရာရှိ တဦးက အခုလိုပြောသည်။

“တောင်းဆိုချက်က နှစ်ချက်ရှိတယ်။ တစ်အချက်က ငြိမ်းချမ်းရေးကို ကြိုဆိုတယ်ဆိုတဲ့ အကြောင်းနဲ့ ပဏာမ အနေနဲ့ ကျနော်တို့ ဌာနချုပ် ၀မ့်ဟိုင်းနားမှာတပ်စွဲထားတဲ့ သူတို့တပ်တွေကို ပြန်ရုပ်ပေးဖို့။ နှစ်အချက်က ကျနော်တို့ ဗဟိုကော်မတီဝင်တွေ ထဲမှာ ဒီကိစ္စကို ဆွေးနွေးနိုင်ဖို့ အချိန် နည်းနည်း ထပ်ပေးဖို့ပေ့ါ။ အခုက ကျနော်တို့ ဗဟို ကော်မတီတွေ မစုစည်းနိုင်သေးဘူး။ သူတို့ တပ်တွေ ရုပ်ပေးမှ ကျနော်တို့ ဌာနချုပ်မှာ အစည်းဝေးပွဲတွေ ပြန်လုပ် နိုင်မယ်လေ။”

ဌာနေပြည်သူ့စစ် အသွင်ပြောင်း အဖွဲ့မှ ဗိုလ်ချုပ် ကိုင်ဖ၏ ကြားဝင် စေ့စပ်ပေးမှုဖြင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး နှစ်ဖက် ဆွေးနွေး ချက်များ အပါအဝင် သဘော တူညီချက်များကို မသိရသေးကြောင်း ၎င်းကဆက်ပြော သည်။

သို့သော် နိုင်ငံရေးကိစ္စများကိုမူ တိုင်းရင်းသား တပ်ပေါင်းစု ဖြစ်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အနေဖြင့်သာ ဆွေးနွေးမည်ဟု အဖွဲ့တာဝန်ရှိသူများက အစောပိုင်းကတည်းက သတင်းထုတ်ပြန် ထားပြီး ဖြစ်သည်ဟုလည်း ဆိုသည်။

ပြည်ထောင်စု အစိုးရက ငြိမ်းချမ်းရေး ဖိတ်ခေါ်ခြင်း ကြေညာချက်ကို လွန်ခဲ့သည့် သြဂုတ်လ (၁၈) ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက် လွန်ခဲ့သည့် အောက်တိုဘာလ အတွင်း၌ UNFC တပ်ဖွဲ့ဝင်များ ဖြစ်သည့် မွန်ပြည်သစ် ပါတီ NMSP၊ ကရင်အမျိုးသား အစည်းအရုံး KNU တို့နှင့်လည်း တွေ့ဆုံမှုများ ရှိခဲ့ပြီး ယခု မြောက်ပိုင်း SSA နှင့် တွေ့ဆုံခြင်းဖြစ်သည်။

ယင်းကိစ္စအပေါ် UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက အဆိုပါ တပ်ဖွဲ့များအနေဖြင့် နိုင်ငံရေး မပါသည့် ပဏာမ တွေ့ဆုံမှုမျိုး လုပ်ဆောင်ရန် သဘောတူထားပြီး ဖြစ်သည်ဟု အခုလို ပြောသည်။

“နိုင်ငံရေးအရ ဆွေးနွေးဖို့က UNFC အနေနဲ့ပဲ ဆွေးနွေးမယ်ဆိုတဲ့ သဘောထားက သုံးဖွဲ့စလုံးက ကျနော်တို့ ပြောထားပြီးသား ဖြစ်တယ်။ တဖွဲ့ချင်းစီ သက်ဆိုင်ရာ ပြည်နယ်က ကိုယ်စားလှယ်တွေ နဲ့ တွေ့လိုက်တယ်။ ကျနော်တို့ သဘောထားက ဒီလိုပဲရှိတယ်ဆိုတဲ့ဟာကို ပြောပြလိုက်တယ်လေ။ အဲဒါကို ပဏာမလို့ပြောမယ် ဆိုရင်လည်း ရပါတယ်။”

UNFC တပ်ဖွဲ့အား အမာခံ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များ ဖြစ်သည့် ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ (SSA/ SSPP)၊ကရင်အမျိုး သား အစည်းအရုံး (KNU)၊  ကရင်နီပြည် တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ချင်းအမျိုး သား တပ်ဦး (CNF) စသည့် တပ်ဖွဲ့များ အပါအဝင် ဆက်စပ်အဖွဲ့ (၆) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည်။

SSA/ SSPP တပ်ဖွဲ့သည် စစ်အစိုးရလက်ထက် နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ် အသွင်ပြောင်း ရေးကို လက်မခံ ငြင်းဆန်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် မတ်လ (၁၃) ရက်မှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး အစိုးရနှင့် တရားဝင် တွေ့ဆုံမှု ယခုပထမဆုံး အကြိမ်ဖြစ်သည်။

Most read this week