ငြိမ်းချမ်းရေးကိစ္စ KNU က တရားဝင် စာဖြင့် အကြောင်းပြန်မည်ဟုပြော

ငြိမ်းချမ်းရေးကိစ္စ KNU က တရားဝင် စာဖြင့် အကြောင်းပြန်မည်ဟုပြော
by -
ဇော်ကြီး

အစိုးရသစ်အဖွဲ့၏ ငြိမ်းချမ်းရေးကမ်းလှမ်း လာမှု အပေါ် ကရင်အမျိုးသား အစည်းအရုံး KNU က တရားဝင် စာဖြင့် အကြောင်းပြန်ကြားမည်ဟု ပြောသည်။

ကရင်ပြည်နယ် ၀န်ကြီးချုပ်မှ ပြည်နယ် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ စေလွတ်၍ ကမ်းလှမ်းစာ ပေးပို့ခဲ့ သည့်အပေါ် သက်ဆိုင်ရာ ခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေးပြီးမှသာ အကြောင်းပြန်ကြား နိုင်မည်ဟု KNU ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးစောလှငွေက အခုလိုပြောသည်။

“KNU သဘောထားကတော့ အခု သူတို့လာတဲ့အပေါ်မှာ ကျနော်တို့ လက်ရှိ ရပ်တည်နေတဲ့အတိုင်းဆုံးဖြတ် ပိုင်ခွင့်ရှိတဲ့ ခေါင်းဆောင်တွေ တွေ့ဆုံတဲ့အခါ ကျလို့ရှိရင်လည်း ကျနော်တို့ သဘောထားကို တရားဝင် စာရေးပြီးတော့ ကျနော်တို့ ရပ်တည်ချက်နဲ့ ဆုံးဖြတ်ချက်တွေ ထပ်မံ အတည်ပြုပြီး အကြောင်းပြန်ဖို့ဘဲ ရှိပါတယ်။”

အစိုးရကိုယ်စားလှယ်အဖွဲ့တွင် ဘာသာရေးခေါင်းဆောင်များ၊ အငြိမ်းစား တပ်မှူးဟောင်းများနှင့် ကုန်သည် ပွဲစားများ ပါ၀င်ပြီး KNU ဘက်မှ အတွင်းရေးမှူးအဖွဲ့ တာဝန်ရှိသူ နှစ်ဦးတို့ ထိုင်းမြန်မာနယ်စပ် တနေရာတွင် စက်တင်ဘာ လကုန်ပိုင်းက တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အကြောင်းကြားစာတွင် ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရ ငြိမ်းချမ်းရေး ပြုလုပ်နိုင်ရန်ဖော်ပြ ထားသော်လည်း ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ ပြည်နယ် အစိုးရအဖွဲ့နှင့် ဦးစွာ ဆွေးနွေး ညှိနှိုင်းဆောင် ရွက်သွားရန် ဖော်ပြပါရှိသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်နယ် အစိုးရမှ ကြားခံ ဆွေးနွေးခြင်းထက် ဗဟိုအစိုးရနှင့် တိုက်ရိုက် ဆွေးနွေးလိုကြောင်းနှင့် တိုင်းရင်းသား (၁၂) ဖွဲ့ ပူးပေါင်းပါ၀င်သည့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မူအရသာ ဆွေးနွေးနိုင်မည်ဟု ဗိုလ်မှူး စောလှငွေက ပြောသည်။

“အဓိက ကတော့ အရာအားလုံးကို ဗဟိုအစိုးရကနေပြီး ချုပ်ကိုင်ဆောင်ရွက်နေတဲ့ ကိစ္စတွေ ဆိုတော့ ကျနော်တို့က တဆင့်ပြီး တဆင့် ခံပြီးတော့ အဖွဲ့တွေ ခွဲပြီး မဆွေးနွေးချင်ဘူး။ ကျနော်တို့ စုစည်းထားတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ သဘောထားတွေနဲ့ အညီ ဆွေးနွေး ချင်တယ်။ ဆွေးနွေးဖို့လည်း ကြေငြာချက် ထုတ်ပြန်ထားပြီး ဖြစ်တယ်။”

UNFC တပ်ဖွဲ့အား အမာခံ လက်နက်ကိုင် တိုင်းရင်းသား များဖြစ်သည့် ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ (SSA/ SSPP)၊ ကရင်အမျိုးသား အစည်း အရုံး(KNU)၊ ကရင်နီပြည် တိုးတက်ရေးပါတီ(KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် ချင်းအမျိုးသား တပ်ဦး (CNF)၊ စသည့် တပ်ဖွဲ့များ အပြင် ဆက်စပ် အဖွဲ့(၆) ဖွဲ့ ပါ၀င် ဖွဲ့စည်းထားသည်။

တချိန်တည်းတွင် KNU တပ်ဖွဲ့နှင့် နယ်မြေချင်း ဆက်စပ်နေသည့် မွန်ပြည်သစ်ပါတီ NMSP တပ်ဖွဲ့အား ငြိမ်းချမ်းရေး စကားပြောဆိုရန် အစိုးရဘက်မှ ကိုယ်စားလှယ်များ ရွေးချယ် ဖွဲ့စည်း ထားသည်ဟုသတင်း ရကြောင်း MNSP တပ်ဖွဲ့ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

အကယ်၍ အစိုးရဖက်မှ တရားဝင် ကမ်းလှမ်းလာပါက NMSP အနေဖြင့် ဆွေးနွေးသွားရန် ရှိသော်လည်း တိုင်းရင်းသား တပ်ပေါင်းစု ဖြစ်သည့် UNFC တပ်ဖွဲ့၏ မူအရ ဆွေးနွေးမှသာ ပို၍အဆင်ပြေနိုင်လိမ့်မည်ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။

“ဥပမာ မွန်ဆိုရင်လည်း မွန်ပြည်နယ် အစိုးရနဲ့ပဲ ဆက်ဆံရမယ်။ ကရင်ဆိုလည်း ကရင်ပြည်နယ် အစိုးရနဲ့ဘဲ ဆက်သွယ်ရမယ်ဆိုရင် ကျနော်တို့ တော်လှန်ရေး အင်အားစုတွေရဲ့ လှုပ်ရှားမှု ဂွင်က ကိုယ့်ပြည်နယ်တခု တည်းမှာ ရှိတာ မဟုတ်တဲ့ အတွက်ကြောင့် ပြည်နယ် အစိုးရတွေနဲ့ဘဲ ဆွေးနွေး နေလို့ မပြီးနိုင်ဘူးလို့ ကျနော်တို့ မြင်တယ်လေ။ ဒါကြောင့် ကျနော်တို့ကလည်း တိုင်းရင်းသား အားလုံး စုပေါင်းပြီးတော့မှ ပြည်ထောင်စု အစိုးရနဲ့ ဆွေးနွေး ညှိနှိုင်းလိုက်ရင် အမြန်ပြေလည် သွားမယ်ဆိုတဲ့ သဘော ရှိတယ်။”

KNU နှင့် NMSP တပ်ဖွဲ့များထံ ငြိမ်းချမ်းရေး အတွက် ပြင်ဆင်မှုများ ပြုလုပ်နေချိန် UNFC တပ်ဖွဲ့ဝင် ကချင်နှင့် ရှမ်းဒေသများအတွင်း အစိုးရတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် အစိုးရ အဆက်ဆက်ကျင့်သုံးခဲ့ သည့် မူအရ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များ အပေါ် ခွဲခြားဆက်ဆံနည်းကို ကျင့်သုံးခြင်း ဖြစ်၍ နိုင်ငံရေး ဆွေးနွေးမှု လမ်းကြောင်းမှ ရှောင်လွဲသည့် သဘော သက်ရောက်ကြောင်း နိုင်ဟံသာက သုံးသပ် ပြောဆိုသည်။

Most read this week