KIA တပ်မဟာ(၄) ဌာနချုပ် ကျ။ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

KIA တပ်မဟာ(၄) ဌာနချုပ် ကျ။ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ
by -
ဇော်ကြီး

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်ဒေသရှိ ကချင်ပြည် လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ (၄) ဌာနချုပ် ဆုတ်ခွာလိုက်ပေမယ့် နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည် ဟု KIO ကပြောသည်။

တပ်မဟာ(၄) ဌာနချုပ်မှ တပ်ဖွဲ့ဝင်များအား လွန်ခဲ့သည့် လေးရက်ခန့် ကတည်းက KIA မှ ဆုတ်ခွာခိုင်း ထားပြီး လောလောဆယ် စစ်ရေးအရ မဟာဗျူဟာကျသည့် တောင်ကုန်းများတွင် ဆက်လက် နေရာယူထားဆဲ ဖြစ်သည်ဟု KIO တောင်ပိုင်းတိုင်း ဒေသတာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က အခုလို ပြောသည်။

“တပ်မဟာ ဌာနချုပ်ကတော့ တပ်ရင်း(၂)၊ တပ်ရင်း(၉) တွေကို စတိုက်ကတည်းက ကျနော်တို့ ခွာထားပြီးသားပါ။ ဘာကြောင့်လည်းဆိုတာ့ တပ်မဟာ ဌာနချုပ်က စစ်ရေးအရ မဟာဗျူဟာ ကျတဲ့နေရာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေး ကာလတုန်းက ပြန့်ထဲ၊ ချိုင့်ထဲမှာ ဆောက်ထားတော့ ခွာလိုက်တာ သုံးလေးရက် ရှိပါပြီ။ အဲဒီရဲ့ ဘေးတဖက်တချက် တောင်ကုန်းတွေမှာ နေရာယူ ထားတဲ့ တပ်ရင်း(၁၇) နဲ့ (၂၉) ကတော့ ခုချိန်ထိ ရှိနေပါသေးတယ်။ မဆုတ်သေးပါဘူး။”

ဆုတ်ခွာထားသည့် တပ်မဟာ(၄) ဌာနချုပ် နေရာသို့ အစိုးရတပ်ဖွဲ့များ ၀င်ရောက် လာခြင်း မရှိသေးသလို ယနေ့တွင်လည်း ဒေသအတွင်း နေရာ တော်များများတွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“ဒီနေ့ တိုက်ပွဲကတော့ ကျနော်တို့ဖက်က တန်ပြန်ပြီးတော့မှ ပြောက်ကျားထိုးစစ် ပြန်လုပ်နေ ပါတယ်။ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပါ။ ဒီနေ့လည်း ဖြစ်နေပါတယ်။ ကျန်တဲ့ ကျနော်တို့ ဆုတ်သွားတဲ့ တပ်ရင်း(၂)နဲ့ တပ်ရင်း(၉) ကတပ်တွေနဲ့ ကျနော်တို့ ပြောက်ကျား တိုက်နေတာပါ။”

ယမန်နေ့ နံနက်ပိုင်းက လက်နက်ကြီးများဖြင့် အပြင်းအထန် တိုက်ခိုက် ခံခဲ့ရသည့် ဂျာရှင်ဂျိုင် စခန်းကုန်းမှ တပ်ဖွဲ့ဝင်များသည် ယမန်နေ့ ညဦးပိုင်းအထိ ဆုတ်ခွာခြင်း မရှိသေးသော်လည်း လောလောဆယ် ဆက်သွယ်ရေး ပြတ်တောက်နေကြောင်း ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။

ယခုတပတ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် KIA ဘက်မှ (၃) ယောက်ကျဆုံးပြီး အစိုးရဘက်မှ ဒဏ်ရာရသူနှင့် ကျဆုံးသူ စုစုပေါင်း (၁၅၀) ခန့်ရှိသည်ဟု KIA ဖက်က ပြောသော်လည်း သီးခြား အတည်ပြုချက် မရသေးပါ။

လောလောဆယ် ရှမ်းပြည်မြောက်ပိုင်းသို့ အစိုးရ တပ်အင်အားများ ထပ်မံ ဖြည့်တင်းနေပြီး ယမန်နေ့ ညနေက တရုတ်မြန်မာနယ်စပ် မူဆယ်မြို့သို့ အစိုးရတပ်ဖွဲ့ဝင်များ တင်ဆောင်လာ သည့် စစ်ကား (၇) စီး အပါအဝင် လက်နက်ကြီး သုံးလက် ရောက်ရှိလာသည်ဟု သတင်း ရကြောင်း ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။

ထို့အပြင် “အခု ဒီနေ့လည်းပဲ နမ့်အွန်ဖက်မှာ (၁၂၀) မမ အမြောက်တွေကို သယ်လာတဲ့ ယာဉ်တန်းတွေကို ထပ်တွေ့ရပါတယ်။ ကျနော်ရတဲ့ သတင်းအရတော့ အမြောက် လေးငါးလက် ဆွဲလာပြီးတော့မှ အဲဒီမှာ လုံခြံုရေး တပ်ဖွဲ့တွေ တချို့ ပါလာတယ်လို့ ကြားတယ်ဗျ။” ဟု ဆက်လက် ပြောဆိုသည်။

လက်ရှိ တပ်မဟာ(၄) ဒေသအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSA/ SSPP တပ်ဖွဲ့ဝင်များ ပါ၀င်သည်ဟု SSA က ပြောသည်။

KIA တပ်မဟာ(၄) ဒေသသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တရုတ်ပြည်သို့ ဖောက်လုပ်နေ သည့် ရေနံနှင့် သဘာသ ဓါတ်ငွေ့ ပိုက်လိုင်းလမ်းကြောင်းပေါ် တည်ရှိနေခြင်းကြောင့် အစိုးရက အပြင်းအထန် ထိုးစစ်ဆင်နေခြင်း ဖြစ်နိုင်သည်ဟု SSA တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက သုံးသပ်ပြောဆိုသည်။

“ကျနော်တို့အမြင်ကတော့ အဲဒီပိုက်လိုင်းကို ၂၀၁၃ မှာ အပြီး သူတို့ လုပ်မယ်လို့ စီမံကိန်း ရှိတယ်လေ။ ပြီးတော့ ကချင်ပြည်နယ်ထဲမှာရှိတဲ့ KIA ကို သူတို့က အလုံးအရင်းနဲ့ မတိုက်ဘဲနဲ့ တပ်မဟာ(၄)ကို တိုက်တယ် ဆိုကတည်းက အဲဒါလည်း အဓိက အချက် ဖြစ်မယ်လို့တော့ ထင်တာပဲ ခင်ဗျ။”

ထို့အပြင် ပြည်ထောင်စု အစိုးရအဖွဲ့က လွန်ခဲ့သည့် သြဂုတ်လ (၁၈) ရက်နေ့က ငြိမ်းချမ်းရေး ကြေငြာချက် ထုတ်ပြန်ခဲ့သော်လည်း ယနေ့ထိ လက်တွေ့ အကောင်အထည် ဖော်မှု မရှိသေး သည့် အပေါ် “သူတို့ ၀နဲ့ မိန်းလားကို ယာယီ ထိန်းပြီးတော့ အဓိက ပစ်မှတ်အနေနဲ့ ကချင်နဲ့ ရှမ်းကို ထိုးစစ်ဆင်မယ်လို့ ကျနော်တို့ သုံးသပ်မိတယ်လေ။” ဟု ဆက်လက် ပြောဆိုသည်။

အစိုးရတပ်များက KIA တပ်မဟာ(၄)ဒေသအား ပြင်းထန်သည့် ထိုးစစ် ဆင်နွဲနေချိန် KIA တပ်မဟာ (၃) နှင့် တပ်မဟာ (၅) ထိန်းချုပ် ဒေသများတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သတင်းရသည်။

Most read this week