ကော့သောင်းတွင် သဲများ စုပ်ယူ ရောင်းချမှုကြောင့် အိမ်နှင့် ကမ်းပါးများ ပြိုကျပျက်စီး

ကော့သောင်းတွင် သဲများ စုပ်ယူ ရောင်းချမှုကြောင့် အိမ်နှင့် ကမ်းပါးများ ပြိုကျပျက်စီး
by -
အားမီ

ပြည်ပသို့ တင်ပို့ရောင်းချရန် အတွက် တနသာင်္ရီ တိုင်း၊ ကော့သောင်းမြို့ ရေပိုင်နက်အတွင်း သင်္ဘောကြီး များဖြင့် သဲများ စုပ်ယူနေမှုကြောင့် ဒေသခံ အိမ်တချို့ ပျက်စီးသွားပြီး ရပ်ကွက်တချို့ မြေနိမ့်ဆင်း သွားရသည်ဟု ကော့သောင်းအခြေ စိုက် သဘာဝ ဘေးအန္တရာယ် ကာကွယ်တားဆီးရေး ကွန်ရက်အဖွဲ့က ပြောသည်။

nmg-news-pt-17

“ဒီလလယ်လောက်တုံးက ကော့သောင်းမြို့ ရွာသာရွာက ရှင်ကြီး အိမ်နတ်စင်ရယ်၊ အိမ် သုံးလုံး ပြိုတယ်၊ အိမ် ငါးလုံးက ယိုင်သွားတယ်၊ ကားလမ်းတွေကလည်း အက်ကုန်တာ၊ နောက်ပြီး ရွာသာရွာက ၄ ပေလောက် မြေ နိမ့်ဆင်းသွားတယ်။” ဟု ၎င်းကွန်ယက်အဖွဲ့ တာဝန်ခံ ဦးမြင့်သိန်းက ပြောသည်။

အလားတူ ရွာသာရွာရပ်ကွက်မှ ဒေသခံတစ်ဦးကလည်း “အခု ကျနော်တို့ ရပ်ကွက်နဲ့ ဆယ်ဖာလုံလောက်ပဲ ဝေးတဲ့ နေရာကနေ သဲတွေစုပ်နေတာ၊ ညဆို ကမ်းနားထိ (သင်္ဘောကြီးတွေ) ရောက်လာတယ်၊အိမ်တွေ တောင် တုန်ကုန်တာ၊ အိပ်လို့မရဘူး။” ဟု ပြောသည်။

ရွာသာရွာရပ်ကွက် (ခေါ်) ခရုကျွန်းသည် သဲသောင်များဖြင့် ၀န်းရံထားကာ အိမ်ခြေ ၁၂၀၊ လူဦးရေ ၅၀၀ နီးပါး ရှိပြီး ဒေသခံများသည် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးနေထိုင်ကြသော ကျွန်းစုကလေး ဖြစ်သည်။

စင်္ကာပူနိုင်ငံမှ ရောက်ရှိလာသော သဲတန်ချိန် သိန်းနှင့်ချီ တင်ဆောင်နိုင်သည့် သဘောင်္ကြီး များဖြင့်  ကော့ သောင်းမြို့အနီး တနင်္သာရီကမ်းရိုးတန်းနှင့် ပါချန်မြစ်ဆုံရာ နေရာတွင် သဲများ စုပ်ယူနေခြင်းကြောင့် ယခုလို အခြေအနေနှင့် ကြံုတွေ့နေရခြင်း ဖြစ်သည်ဟု  ကော့သောင်း ဒေသခံများကပြောသည်။

အချင်း နှစ်ပေခန့်ရှိ ပိုက်လုံးကြီးများဖြင့် သဲများကို စုပ်ယူနေခြင်းကြောင့် ခရုကျွန်း ခေါ် ရွာသာရွာအပြင် ကော့သောင်းမြို့သီရိမြိုင်ရပ်ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ ပုလုံးတုံးတုံးကျွန်း၊ ဆလုံကျွန်း၊ ရွှေပြည်စိုး ကျေးရွာအုပ်စု တို့တွင်လည်း ကမ်းပါးပြိုမှု၊ သဲသောင်ပျက်စီးမှု၊ သဲခုံများ လျော့ကျခြင်းနှင့် ပြိုကျခြင်းများကို ဆိုးဆိုးရွားရွား ကြံုတွေ့နေရသည်ဟု သိရသည်။

ထို့အပြင် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ထိခိုက်ပျက်စီးစေသည်ဟုလည်း ရွာသာရွာ ဒေသခံတစ်ဦးက ပြောသည်။

“သဲတွေစုပ်တော့ သဲခုံတွေက ပျောက်ပြီး လိုဏ်ခေါင်းတွေ ဖြစ်တယ်၊ ရေအောက်ချိုင့်တွေ ဖြစ်ကုန်တယ်။ အဲ့တော့ အခုက ငါးတွေ ပုဇွန်တွေ မရှိတော့ဘူး၊ ဒီတော့ လုပ်နေတဲ့ ငါးဖမ်းလုပ်ငန်းတွေ ထိခိုက်တာပေါ့။” ဟု ၎င်းက ဆိုသည်။

စင်ကာပူကုမ္ပဏီများက ယခုနှစ် ဇူလိုင်လမှ စ၍ သဲတူးသင်္ဘော (၈) စီးဖြင့် သဲများ လာရောက် တူးယူနေပြီး ၎င်းသဲများကို သဲတန်ချိန် (၁) သိန်းနီးပါး တင်ဆောင်နိုင်သည့် သင်္ဘော (၄) စီးက သယ်ယူကာ စင်္ကာပူနိုင်ငံသို့ တိုက်ရိုက် သွားရောက် ပို့ဆောင်ပေးမည့် သဲတန်ချိန် (၅) သိန်းကျော် တင်ဆောင်နိုင်သည့် သင်္ဘောကြီးပေါ်သို့ လွှဲပြောင်းပို့ဆောင်ပေးနေသည်ဟု ကော့သောင်း အခြေစိုက် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေး ကွန်ရက်အဖွဲ့က ပြောကြားသည်။

ယခုလ ၆ ရက်နေ့က သမ္မတဦးသိန်းစိန်ထံ လိပ်မူပြီး၊ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးလွှတ် တော်ရုံးများ၊ ကော့သောင်းမြို့ရှိ ဒေသဆိုင်ရာ အာဏာပိုင်ရုံးများသို့ ယခုကဲ့သို့ သဲများ တူးယူနေခြင်းကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်စာများ ပေးပို့ခဲ့သည်။

အဆိုပါကန့်ကွက်စာထဲတွင် သဲများတူးယူနေမှုကြောင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပေါ် လာနိုင်စေပြီး သမုဒ္ဒရာ ဂေဟစနစ်ကိုပါ ကမောက်ကမ ဖြစ်စေနိုင်သည့် အကြောင်းများ အပြင် သဘာဝ ဘေးအန္တရာယ်များနှင့် လတ်တလော ရင်ဆိုင်နေသည့် ကျေးရွာများ၏ အခြေအနေ များကိုလည်း ဖော်ပြထားသည်ဟု သိရသည်။

ထိုကဲ့သို့ ကန့်ကွက်စာများ ပေးပို့ခဲ့သော်လည်း သက်ဆိုင်ရာက တစုံတရာ အရေးယူ ဆောင်ရွက် ပေးမှု မရှိသည့်အပြင် ယခုလ ၂၀ ရက်နေ့ကလည်း “သဲတန်ချိန် တစ်သိန်းကျော်တင်နိုင်တဲ့ သင်္ဘော နှစ်စီး ထပ် ရောက်တယ်၊ အဲ့ဒီသင်္ဘောတွေဟာ သဲစုပ်ယူနေတဲ့သင်္ဘောတွေဆီက သဲတွေကို စင်္ကာပူကိုတိုက်ရိုက် သယ်ယူပေးသွားမယ့် သင်္ဘောကြီးဆီကို တဆင့် ပို့ပေးတဲ့  carry သင်္ဘောပေါ့။” ဟု အထက်ဖော်ပြပါ ကွန်ယက်အဖွဲ့မှ ကိုမြင့်မောင်က ပြောသည်။

ကော့သောင်းမြို့ ပတ်ဝန်းကျင်က သဲများကို တတန်လျှင် ဒေါ်လာ ၂၀ နှုန်းဖြင့် စင်္ကာပူနိုင်ငံသို့ ရောင်းချရန် စင်္ကာပူကုမ္ပဏီများနှင့် မြန်မာ့စီးပွားရေးဦးပိုင်တို့ ပူးပေါင်း လုပ်ကိုင်နေခြင်း ဖြစ်သည် ဆိုသော အတည်မပြု နိုင်သေးသည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ကော့သောင်းမြို့တဝိုက်မှ သဲများကို စင်္ကာပူနိုင်ငံက လာရောက် စုပ်ယူမှုကို ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလက စတင်ခဲ့သည်။ ယမန်နှစ်က ကော့သောင်းမြို့နှင့် ၁၀ မိုင်ခန့် ဝေးသည့် နေရာများမှ သဲများကို စုပ်ယူခဲ့ရာမှ ယခုနှစ် ဇူလိုင်လမှ စတင်ပြီး ကော့သောင်းနှင့် ၂ မိုင်ခွဲအကွာမှ သဲများကို လာရောက် စုပ်ယူနေသည်ဟု သိရသည်။

အလားတူ စင်္ကာပူနိုင်ငံက အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘာဒီးယားနိုင်ငံတို့မှ သဲများကိုလည်း ၀ယ်ယူခဲ့သည်။ ရည်ရွယ်ချက်မှာ ၎င်းသဲများဖြင့် ပင်လယ်ပြင်ကို ဖို့ပြီး စင်္ကာပူနိုင်ငံ၏ မြေနေရာကို ချဲ့ထွင်ရန် ဖြစ်သည်။

စင်္ကာပူနိုင်ငံရှိ လူလုပ်ကမ်းခြေများအတွက် မြန်မာနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်း ဒေသအချို့မှ သဲများကို ၂၀၀၇ ခုနှစ် နောက်ပိုင်းမှ စတင်ပြီး ရောင်းချနေသည်ဟု သိရသည်။

Most read this week