ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးပါ ဂျာနယ် အရောင်းသွက်

ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးပါ ဂျာနယ် အရောင်းသွက်
by -
အားမီ

ပြည်တွင်းထုတ် မက်ဆင်ဂျာ (Messenger)ဂျာနယ်တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်း အင်တာဗျူးကို စာပေစိစစ်ရေးက ပထမဆုံး အကြိမ် ဖော်ပြခွင့်ပြုလိုက်ရာ စိတ်ဝင်တစားဝယ် ဖတ်သူ များပြားသည်ဟု ယင်းဂျာနယ်တိုက်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ခေတ် လူငယ်များအပေါ် အမြင်သဘောထားဆိုင်ရာ တွေ့ဆုံ မေးမြန်းခန်း ဖော်ပြထားသည့် ယခု တပတ်ထုတ် မက်ဆင်ဂျာ ဂျာနယ်မှာ ယခင်အပတ်စဉ်များ ထက် ပိုမိုရောင်းရ သည်ဟု အထက်မြန်မာပြည်တွင် ဖြန့်ချိခွင့် ရထားသော ရာပြည့်(မန္တလေး) စာပေဖြန့်ချိရေး တာဝန်ခံ က ပြောသည်။

“ဒီနေ့တော့ ဂျာနယ်(၃၀၀)က ရောက်တာနဲ့ ချက်ချင်း မနက်တပိုင်းနဲ့တင် ကုန်သွားတယ်၊ ပုံမှန်ဆိုရင် တပတ်လုံး ရောင်းရတာမျိုးတို့၊ တခါခါဆိုရင် တပတ်လုံးရောင်းတောင် အစောင်ရေ ကျန်တာတွေ ရှိတယ်၊ မကုန်တာရှိတယ်၊ ဒီနေ့ဆို ထပ်ပြီးတောင်မှာ ရသေးတယ်။”

ယမန်နှစ် နို၀င်ဘာလ(၁၃) ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နှစ်ပတ်အကြာတွင် ပြုလုပ်ထားသည့် အင်တာဗျူးအား စာပေစိစစ်ရေးက ခွင့်မပြုသည့်အတွက် အချိန် (၉) လခန့်ကြာမှ ဖော်ပြခွင့်ရခြင်းဖြစ်သည်ဟု မက်ဆင်ဂျာ ဂျာနယ် တာဝန်ခံအယ်ဒီတာက ပြောသည်။

“ကျနော်တို့က စာပေစိစစ်ရေးကို အပတ်စဉ်တိုင်း တင်လာတာပါ၊ ၉ လအတွင်းမှာပေါ့၊ အဲ့ဒါအခုအပတ်မှ ခွင့်ပြုလိုက်တာပါ။”

အဆိုပါ အင်တာဗျူးပါ ဂျာနယ်အား ဖြန့်ချိရေး ကိုယ်စားလှယ်များက ထပ်မံမှာယူကြသော်လည်းပိုမို ပုံနှိပ်ထားခြင်း မရှိသောကြောင့် မရရှိတော့ကြောင်း သိရသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် ပုဂံခရီးသွားဆောင်းပါးကိုလည်း တနင်္လာ နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်တွင် ဖော်ပြခွင့်ရသည့်အကြောင်း ယမန်နေ့ထုတ် အစိုးရအာဘော် သတင်းစာ၏ အချပ်ပိုကဏ္ဍတွင် ကြော်ငြာထည့်ခဲ့ရာ နယ်အသီးသီးမှ ဖြန့်ချိရေး ကိုယ်စားလှယ် များက ပုံမှန်ထက် ပိုမိုမှာယူကြသည်ဟု ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံအယ်ဒီတာ မောင်ဝံသ က ပြောသည်။

“သတင်းစာတွေမှာ ဂျာနယ်ကို ကော်လံအပြည့် ကြော်ငြာထည့်ထားတယ်။ အဲ့တော့ လူတွေ ကလည်း စိတ်ဝင်စားကြတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါက ခါတိုင်းမှာတာထက် ဂျာနယ်ကို ပိုပြီး မှာကြတယ်။”

ပြည်သူ့ခေတ် ဂျာနယ်ကို ရန်ကုန် အပြင် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ကချင်ပြည်နယ် များမှ ဖြန့်ချိရေး ကိုယ်စားလှယ်များက ပိုမိုမှာယူ နေသော်လည်း ရောင်းအားကိုမူ မသိရသေးပေ။

အဆိုပါ ဂျာနယ်များတွင် ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါးနှင့် အင်တာဗျူး ဖော်ပြခွင့် ရရှိခြင်းသည် မီဒီယာလွတ်လပ်ခွင့်ဟု တိုက်ရိုက်ပြောဆို၍ မရသေးသော်လည်း ကောင်းသော အလားအလာဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပြော ရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

“အခုလက်ရှိအစိုးရက စာနယ်ဇင်းကိစ္စတင် မဟုတ်ပါဘူး။ အစစ အရာရာတွေမှာပါ လျှော့ပေါ့လာတာ ပေါ့နော်၊ ကိုယ်လိုချင်တဲ့ အဆင့်တော့ မဟုတ်သေးပေမယ့် ခွင့်ပြုလာတာတွေ ရှိလာတယ်။”

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်းတွင် မက်ဆင်ဂျာ နှင့် ပြည်သူ့ခေတ် ဂျာနယ် အပါအဝင် The voice ၊ 7day၊ ဗီးနပ်စ် စသည့် ပြည်တွင်းဂျာနယ်များ က၎င်းနှင့် ပတ်သက်သော သတင်း၊ ဆောင်းပါးနှင့် အင်တာဗျူးများကို စာပေစိစစ်ရေးသို့ ခွင့်ပြုချက်တောင်းခံခဲ့ သော်လည်း ဆိုင်းငံ့ခံခဲ့ရသည်။

Most read this week