ပဲခူး ရေဘေးဒုက္ခသည် ၁၅,၀၀၀ ခန့် သောက်သုံးရေပြတ်လပ်

ပဲခူး ရေဘေးဒုက္ခသည် ၁၅,၀၀၀ ခန့် သောက်သုံးရေပြတ်လပ်
by -
အားမီ

ပဲခူးမြစ်ရေ လျှံမှုကြောင့် မြို့ပေါ်ဘုန်းကြီး ကျောင်း နှင့် စာသင်ကျောင်းများတွင် ခိုလှုံနေကြသည့် ရေဘေး ဒုက္ခသည် ၁၅,၀၀၀ ခန့် သောက်သုံးရေ ပြတ်လပ်နေသည်။

DSC00209
ရေကြီးမှု ဖြစ်ပွားပြီး ရက်သတ္တ တစ်ပတ်ကျော် ကြာခဲ့သော်လည်း မြို့အနောက်ပိုင်းနှင့် မြောက်ပိုင်း ရှိ ရပ်ကွက်များအပြင် ပတ်ဝန်းကျင် ကျေးရွာများတွင် သောက်သုံ ရေများ ပြတ်လပ်နေသည်ဟုရေဘေး ကယ်ဆယ်ရေး ဆောင်ရွက်နေသည့် ဆရာတော် ဦးကိတ္တိ က မိန့်ကြားသည်။

“သောက်သုံးနေတဲ့ ရေကန်တွေရှိတယ်လေ။ အဲ့ဒီကန်တွေ၊ တွင်းတွေထဲကို ရေကြီးတဲ့အခါ ရေနဲ့ပါလာတဲ့ အညစ် အကြေးတွေ၊ အမှိုက်တွေမှန်သမျှ အကုန်ဝင်ကုန်တာ။ အဲ့ဒီမှာ သောက်ရေအခက်အခဲတွေဖြစ်ကုန် တာ။ အခုက သောက်ရေပြတ်ကုန်ရော။”

ပဲခူးတိုင်းအတွင်း ဇူလိုင်လ နောက်ဆုံးအပတ်မှ စတင်ကာ မိုးပြင်းထန်ခဲ့ပြီး မြို့ပေါ် ရပ်ကွက် ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ ယခု သောက်သုံးရေ ခက်ခဲနေသည့် နေရာများမှာ ပဲခူးမြို့ပေါ်ရှိ ကျောက်ကြီးစု၊ ရွာသစ်၊ ကျောက်တွင်းကုန်း၊ မြို့သစ် (က)(ခ)(ဂ)၊ အုတ်ဆက် တန်း၊ မဇင်း၊ အိုးလေးစု၊ ရွာသစ်၊ မုန်တိုင်း၊ရှမ်းစုနှင့် ဥဿာမြို့သစ် ရပ်ကွက်များ ဖြစ်သည်။

ကျောက်ကြီးစု ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော ကနီးရွာမှ ဒေသခံတစ်ဦးက “မြို့ပေါ်က ရပ်ကွက်တွေကအစ သောက်ရေပြတ်တာ။ သောက်ရေတွင်းတွေက ဘယ်လိုမှကို သုံးလို့မရတော့ဘူး။ ရေကဝါညစ်ညစ်ကြီး၊ ရေထဲမှာ အမှိုက်တွေကလည်းအများကြီး၊ သောက်ဖို့မပြောနဲ့ သုံးဖို့တောင် အဆင် မပြေဘူး။” ဟု ပြောသည်။

လောလောဆယ်တွင် ပဲခူးတိုင်း အနောက်ပိုင်းရှိ ကျေးရွာ (၂၀) ကျော်၌ သောက်သုံးရေများ ပြတ်လပ်နေပြီး ပဲခူးမြို့ အထွက်ရှိ ကနီး၊ ကျောက်ကလေး၊ အဝိုင်းကျေးရွာများတွင် လယ်မြေဧက (၇၀၀) ကျော်ပျက်စီးသွား သည်ဟု ဆရာတော် ဦးကိတ္တိ က မိန့်ကြားသည်။

ထို့အပြင် ရေးဘေးဒုက္ခသည်များ သောက်သုံးရေအတွက် “ဒေသခံတွေကပဲ အချင်းချင်း လှူနေကြတယ်၊ နိုင်တဲ့လူတွေက တစ်ယောက် သောက်ရေသန့်ဘူးကြီး ၅၀ တို့၊ ၁၀၀ တို့ဆိုပြီး ဒုက္ခသည်စခန်းတွေကို လှူတယ်” ဟု ဆက်လက် မိန့်ကြားသည်။

ယခုအခါ မြို့ပေါ် ရပ်ကွက် လမ်းမများပေါ်တွင် ရေအနည်းငယ်လျော့ကျသွားသော်လည်း ဒုက္ခသည်များမှာ ပဲခူးမြို့ပေါ်ရှိ ကယ်ဆယ်ရေး စခန်း(၂၂) ခုတွင် ဆက်လက်ခိုလှုံနေကြသည်။ ထို့ပြင် ယခုနှစ် ရေကြီးမှုမှာ (၄၇) နှစ်တာကာလအတွင်း အဆိုးရွားဆုံးဖြစ်သည်ဟု ဆရာတော်က မိန့်ကြားသည်။

ရေဘေးဒုက္ခသည်များအား ဒေသခံအာဏာပိုင်များက ယခုလ (၉) ရက်နေ့တွင် လာရောက် ကြည့်ရှုခဲ့ပြီး အစားအစာ၊ ဆေးဝါး၊ သောက်သုံးရေနှင့် ဖယောင်းတိုင် တို့ကို ပေးဝေခဲ့ သော်လည်း လုံလောက်မှုမရှိဟု ဒေသခံများကပြောသည်။

ပဲခူးမြစ်ရေသည် ယနေ့တိုင်းထွာချက်အရ ပဲခူးမြို့တွင် ၉၁၈ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေမှတ် အထက် ၈ စင်တီ မီတာ (၀.၃ ပေခန့်) ကျော်လွန် နေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

Most read this week