ဟိုပင်မြို့ဘူတာရုံအနီး ဗုံးပေါက်ကွဲ

ဟိုပင်မြို့ဘူတာရုံအနီး ဗုံးပေါက်ကွဲ
by -
ဇော်ကြီး

ကချင်ပြည်နယ် ဟိုပင်မြို့ဘူတာရုံ အနီးတွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရထား သံလမ်းများ ပျက်စီး သွားသည်ဟု ဒေသခံများက ပြောသည်။

ဟိုပင်ဘူတာရုံ၏ မြောက်ဖက် ကိုက်လေးဆယ်ခန့် အကွာရှိ သံတံတားအနီးတွင် ယမန်နေ့ ည ၈ နာရီ (၂၀) အချိန်ခန့်က ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ အပျက်အစီး အခြေအနေကို  ဒေသခံ တဦးက ယခုလို ပြောသည်။

“သံလမ်းနှစ်ပေလောက် ပြတ်ထွက်သွားတာပေ့ါဗျာ။ ပြတ်သွားတော့ ညတွင်းချင်းသူတို့ ပြင်လိုက်ကြတယ်။ အခုတော့ ရထားလမ်းတွေလည်း အကုန်ပေါက်သွားပါပြီ။”

မြစ်ကြီးနားမှ မန္တလေးသို့သွားသည့် အမှတ်(၅၈) အစုန် မန္တလာရထား ဟိုပင်ဘူတာအား ဖြတ်ကျော်ပြီး (၁၅) မိနစ်ခန့် အကြာတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ဟိုပင်မြို့ မှ အခြား မြို့ခံတဦးက ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိသော်လည်း ပေါက်ကွဲကာစ၌ ညပိုင်းကျူရှင် ထားသည့် ကျောင်းသား မိဘများ စိုးရိမ် ထိတ်လန့် ခဲ့ကြသည် ဟု ပြောသည်။

“၀ုန်းကနဲ ကွဲတဲ့အခါကျတော့ဗျာ ကလေးတွေကျူရှင်တွေ ဘာတွေ ပို့ထားကြတာတွေရှိတယ်လေ။ အဲဒီကလေးတွေကို သွားခေါ်ကြတာ ဘာညာတော့ ရှိတာပေ့ါ။ အဲဒီနောက်တော့ ပြန်ငြိမ်သွား တာပါပဲ။”

ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် KIA တပ်ဖွဲ့များနှင့် အစိုးရတပ်ဖွဲ့တို့ ဇွန်လ (၉) ရက်နေ့မှ စတင်၍ ဒေသတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့ပြီး အစိုးရတပ်ဖွဲ့များ စစ်ကူလာနိုင်သည့် လမ်းကြောင်းပေါ်ရှိ တံတားများအား ဖောက်ခွဲ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု KIA က အစောပိုင်း ကာလများကထုတ်ဖော်ပြော ဆိုခဲ့သည်။

အလားတူ အစိုးရဖက်ကလည်း တိုက်ပွဲဖြစ်ပွားနေသည့် ဇွန်လ (၁၄) ရက်မှ (၁၆) ရက် အတွင်း  KIA မှ ဖောက်ခွဲခဲ့သည့် တံတားကြီးငယ်ပေါင်း (၂၅) စင်း ရှိသည်ဟု ဇွန်လ (၁၈)ရက်နေ့ထုတ်အစိုးရအာဘော် သတင်းစာ၌ ဖော်ပြပါရှိသည်။

သို့သော် ယခု ဖောက်ခွဲမှုနှင့် ပတ်သက်၍ မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်ကို မသိရသေး သော်လည်း နှစ်ဖက်စလုံးက ဖြစ်နိုင်သည်ဟု လူထုကြားတွင် ခန့်မှန်းပြောဆို နေကြကြောင်း  ဟိုပင်မြို့ခံက ဆက်လက် ပြောဆိုသည်။

“ကေအိုင်အေလို့ ထင်ကြတာပေ့ါလေ။ တချို့ကလည်း သူတို့(အစိုးရတပ်) လက်ချက်လို့ ပြောနေကြတာ လည်း ရှိတာပေ့ါနော်။ ဒါပေမယ့် ဘယ်သူခွဲတယ်လို့တော့ ဘယ်သူကမှ မပြောနိုင်သေးဘူး။အစိုးရဖက် ကလည်း ဘာမှ ပြောသံ မကြားသေးဘူး။”

ပေါက်ကွဲမှု ဖြစ်ပွားပြီး နာရီဝက်ခန့်အကြာတွင် ဟိုပင်မြို့ အခြေစိုက် အမှတ်(၄၀) ခြေလျင်တပ်ရင်း မှ အစိုးရတပ်သားများ မြို့တွင်း၌ ကားဖြင့် လှည့်လည် လုံခြံုရေးယူ နေသည်ကိုသာ တွေ့ရပြီးယနေ့နံနက်ပိုင်း တွင် ပြန်လည် ငြိမ်သက်နေသည်ဟု သိရသည်။

ဒေသတွင်း အပစ်အခတ်ရပ်ဆိုင်းရေးနှင့် ပတ်သက်၍ အစိုးရနှင့် KIA ကိုယ်စားလှယ်အဖွဲ့တို့ လွန်ခဲ့သည့် ဇွန်လ(၃၀) ရက်နေ့က တရားဝင်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဇူလိုင်လ (၁) ရက်နေ့ မှစ၍ မြို့ပေါ် ဖောက်ခွဲမှုများ မပြုလုပ်ရန် ဒေသခံတပ်ဖွဲ့များထံ ညွှန်ကြား ထားသည်ဟု KIA ကသတင်းထုတ်ပြန် ထားသည်။

Most read this week