စစ်ပွဲများကြောင့် ရေကာတာစီမံကိန်းများရပ်တန့်ရန် BRN တိုက်တွန်း

စစ်ပွဲများကြောင့် ရေကာတာစီမံကိန်းများရပ်တန့်ရန် BRN တိုက်တွန်း
by -
အားမီ

မြန်မာနိုင်ငံ တိုင်းရင်းသားဒေသများရှိ တည် ဆောက်နေဆဲ ရေကာတာ စီမံကိန်းများကို ရပ်တန့်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ မြစ်ချောင်း များ ဆိုင်ရာကွန်ယက် (Burma River Network) က ကြေငြာချက်ထုတ်ပြန် တိုက်တွန်းလိုက်သည်။

ယခုလို တိုက်တွန်းရခြင်းသည် တာပိန်မြစ် ရေအားလျှပ်စစ် စီမံကိန်း လုံခြံုရေးကို  အကြောင်းပြ၍ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ KIO တပ်ဖွဲ့ကို အစိုးရစစ်တပ်က လွန်ခဲ့သည့် အပတ်က တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်သည်။

"တကယ် စစ်မှန်တဲ့ ဖွံ့ဖြိုးမှုကိုလိုချင်တယ်၊ ဖြစ်စေချင်တယ်ဆိုရင်တော့ အမှန်တကယ်ငြိမ်းချမ်းသွားတဲ့ အချိန်မှ လူထုရဲ့ သဘောထားကို လက်ခံပြီး စီမံကိန်းတွေကို ဆက်လုပ်သင့်တယ်။ အရင်ဆုံး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကိုအရင် လုပ်သင့်တယ်။" ဟု ထိုင်း-မြန်မာနယ်စပ် အခြေစိုက် မြန်မာနိုင်ငံ မြစ် ချောင်းများဆိုင်ရာ ကွန်ယက်မှ ပြောခွင့်ရပုဂ္ဂိုလ် ကိုစိုင်းစိုင်းက ပြောသည်။

ကချင်ပြည်နယ်အပြင် အခြားသော တိုင်းရင်းသား ဒေသများတွင်လည်း ရေကာတာ စီမံကိန်း လုံခြံုရေးအတွက် အစိုးရတပ်ဖွဲ့များလာရောက် ချထားရာမှ ဒေသတွင်း တိုက်ပွဲများ ဖြစ်ပွားလာရကြောင်း ၄င်းကဆက်လက်ပြော ဆိုသည်။

"ရှမ်းပြည်နယ်ရဲ့ အထက်သံလွင်မြစ် ရေကာတာတွေဖြစ်တဲ့  ကွန်လုံနဲ့ နောင်ဖာတဝိုက်မှာ ဆိုရင်တိုက်ပွဲ တွေဖြစ်နေတယ်။ နောက်ပြီး ရှမ်းပြည်တောင်ပိုင်း တာ့ဆန်း ရေအားလျှပ်စစ် စီမံကိန်း နားမှာလည်း ဖြစ်နေတယ်ပေါ့နော်။ အဲ့လိုပဲ ကရင်နီပြည်ရော ကရင်ဖက် တွေမှာရော ဒီဟတ်ကြီး ရေကာတာတည်ဆောက် တဲ့ နေရာနဲ့ ရွာသစ်ဆည် တည်ဆောက်တဲ့ နေရာတွေလည်း တိုက်ပွဲတွေဖြစ်နေတယ်။"

ယင်းစီမံကိန်းများသည် ဒေသခံလူထုအတွက် အကျိုးမဖြစ်စေသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ပိုမိုတိုးပွားစေပြီး အစိုးရနှင့် ဒေသတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကြား ပြဿနာပိုဖြစ်စေ သည်ဟု ဆက်ပြောသည်။

ထို့ကြောင့် အစိုးရမှ ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်သင့်သလို စီမံကိန်းများကို လာရောက်လုပ်ကိုင် နေသည့် တရုတ်ကုမ္ပဏီများ အနေဖြင့်လည်း ၄င်းတို့၏ လုံခြံုရေးအတွက် ဆောက်လုပ်ဆဲ စီမံကိန်းများကို ရပ်တန့်ထားသင့်ကြောင်း ကိုစိုင်းစိုင်းက ပြောသည်။

မြန်မာအစိုးရ၏ တရားဝင်ထုတ်ပြန်သည့် ၂၀၁၁ ခုနှစ် စာရင်းများအရ တနိုင်ငံလုံးတွင် ရေအားလျှပ်စစ်စီမံကိန်း (၄၈)ခု ရှိသည်ဟု အစိုးရအာဘော် သတင်းစာ၌ ဖော်ပြပါရှိသည်။

Most read this week