မလေးရှား ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်များ အဖမ်းခံရ

မလေးရှား ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်များ အဖမ်းခံရ
by -
ဇော်ကြီး

မလေးရှားနိုင်ငံ ဂျိုဟိုးဘာရူးပြည်နယ်ရှိ စက်ရုံ တစ်ခုတွင် မြန်မာနှင့် နီပေါနိုင်ငံတို့မှ အလုပ်သမား တစ်ရာကျော် ဆန္ဒပြမှုတွင် ဦးဆောင်သူ နှစ်ဦးကို ရဲက ဖမ်းဆီးထားသည်ဟု သိရသည်။

အလုပ်ရှင်ဖက်မှ တာဝန်ခံများ နှင့် ဆွေးနွေးရန် စက်ရုံ ရုံးခန်းသို့ သွားရောက် သည့် ဆန္ဒပြခေါင်းဆောင် (၈) ဦး အနက် မြန်မာ တစ်ဦး နှင့် နီပေါလူမျိုး တစ်ဦးတို့ကို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု ဆန္ဒပြ အလုပ်သမား ကိုဖိုးလုံးက ပြောသည်။

“ ဒီနေ့ မနက်(၈)နာရီခွဲ လောက်မှာ မြန်မာဖက်က လေးယောက်နဲ့ နီပေါဖက်က လေးယောက် ကို ဒီစက်ရုံ Office မှာ စည်းဝေးညှိနိုင်းမယ်ဆိုပြီးခေါ်သွားတယ်။ သူတို့ဆီက တဖွဲ့ကလာပြီး ကျနော်တို့ကို အလုပ်ဆင်းဖို့ လာစည်းရုံးတယ်။ ဟိုမှာခေါ်သွားတဲ့သူတွေကို လက်မှတ်တွေ ထိုးခိုင်းတယ်။ ဟိုကမထိုးကြတော့ အကုန် ရဲနဲ့ဖမ်းခိုင်း လိုက်တယ်။ ပြီးတော့ မြန်မာသုံး ယောက်နဲ့ နီပေါ သုံးယောက်ကို ပြန်လွတ်ပေးခဲ့တယ်။ ကျန်တဲ့နှစ်ယောက်ကို ဖမ်းထား လိုက်တယ်။”

အဲယားဟိုက်တန်မြို့ရှိ အင်နို(Inn No) အိမ်သာကြွေခွက် ပြုလုပ်သည့် စက်ရုံလုပ်သားများက အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရသည့်အတွက် လွန်ခဲ့သည့် ဧပြီလ (၁၉)ရက် အင်္ဂါနေ့မှ စတင်၍ အလုပ် မဆင်းပဲ ငြိမ်းချမ်းစွာဖြင့် ဆန္ဒပြ နေခြင်း ဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။

“ကျန်းမာရေး မကောင်းတဲ့အခါ အလုပ်သမားတွေကို ဘာမှတာဝန်ကျေအောင် လုပ်မပေးဘူး။ ဖျားတဲ့အကြောင်း သူတို့ရုံးမှာဝင်ပြောလည်း ညနေမိုးချုပ်မှ လိုက်ပို့တယ်။ ဖျားနေတဲ့ လူကိုလည်း အလုပ်ဝင် လုပ်ခိုင်းပါတယ်။ မဖြစ်မနေ ဖျားနေလို့ လိုက်ပို့မယ်ဆိုလည်း အမ်စီ (ဆေးကုခွင့်လက်မှတ်) မရဘူးခင်ဗျ။ ရက်ပျက်ခံပြီး အလုပ်မဆင်းတဲ့အခါမှာလည်း နေ့စားခ ဖြတ်တဲ့အပြင် အဆောင်ကြေးဆိုပြီးတော့ (၁၀) ရင်းဂစ် ထပ်ဖြတ်ပြန်သေးတယ်။”

ယင်းစက်ရုံအနီးရှိ အလားတူစက်ရုံများတွင်မူ တရက်လုပ်အားခ အနည်းဆုံး မလေးရှားငွေ (၂၅) မှ (၂၉) ရင်းဂစ် အထိရရှိပြီး စနေ၊ တနင်္ဂနွေကဲ့သို့ အလုပ်ပိတ်ရက်များတွင် အလုပ်လုပ်ပါက လုပ်အားခ နှစ်ဆရသည်။ သို့သော် ဆန္ဒပြမှုဖြစ်ပွားသည့် စက်ရုံတွင် တရက်လုပ်အားခ (၂၁) ရင်းဂစ်သာ ပေးခြင်း၊ အပတ်စဉ် နားရက် မရှိခိုင်းစေခြင်း အပြင် လုပ်အားခလည်း တိုးမပေးခြင်း အတွက် အလုပ်သမားများက မကျေမနပ် ဖြစ်လာခဲ့ ကြသည် ဟု သိရသည်။ 

အဆိုပါ စက်ရုံတွင် မြန်မာမှ တရားဝင် အလုပ် လာလုပ်သည့် မြန်မာ နိုင်ငံသား (၆၀)ကျော် နှင့်အတူ နီပေါနှင့် ဗီယက်နမ် နိုင်ငံသားများ  လုပ်ကိုင်နေကြသည်။

မြန်မာနိုင်ငံတွင် စီးပွားရေး အခက်အခဲဖြစ်မှုကြောင့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်သူများ သန်းနှင့်ချီ ရှိသည့်အနက် ထိုင်းနှင့် မလေးရှား နိုင်ငံများတွင် အလုပ် လုပ်နေသူ ပိုမိုများပြားသည်ဟု သိရသည်။

Most read this week