ရန်ကုန် ပဲခူးနှင့် ဧရာဝတီတွင် မိုးတိမ်တောင် အန္တရာယ် ရှိနေ

ရန်ကုန် ပဲခူးနှင့် ဧရာဝတီတွင် မိုးတိမ်တောင် အန္တရာယ် ရှိနေ
by -
ဇော်ကြီး

မြေအပူရှိန်ပြင်းထန်သည့် ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသများတွင်ဧပြီလ လယ်မှ မေလ လယ်ပိုင်းအထိ မိုးတိမ် တောင်များ ဖြစ်ပွားမှုကြောင့် မိုးကြိုးပစ်ခြင်း၊ လေပြင်း တိုက် ခြင်း များ ဖြစ်ပေါ်လာ နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေး ပြောကြားလိုက်သည်။

ယင်းမိုးတိမ်တောင်များမှာ မွန်းလွဲပိုင်းနှင့် ညနေပိုင်းအချိန်များတွင် အားကောင်းစွာ ဖြစ်ပေါ် လာတတ်သည့် အတွက် လယ်ကွင်းပြင်ကဲ့သို့ အကာအရံမဲ့ နေရာများတွင် ရောက်ရှိ အလုပ် လုပ်နေသူများ အနေနှင့် ပို၍ ဂရုစိုက်သင့်သည်ဟု ဦးထွန်းလွင်က ပြောသည်။

“အခုနောက်ပိုင်းမှာ မိုးကြိုးပစ်လို့ သေဆုံးရတဲ့သူတွေက နှစ်တိုင်းဖြစ်နေတယ်။ ၂၀၀၆ ကစလို့ ၂၀၁၀ အထိ ကျနော့်ဆီမှာ စာရင်းလုပ်ထား တာတွေရှိတယ်။ အခု ၂၀၁၁ မှာကို မိုးကြိုးပစ်လို့ သေတဲ့သူက သုံးဦးရှိနေပြီ။”

နေ့အပူချိန် (၄၀) ဒီဂရီ စင်တီဂရိတ်ထက် ကျော်လွန်ပါက တိမ်တောင်ဖြစ်ပွားရန် ပိုမို နီးစပ်မှုရှိပြီးရန်ကုန်မြို့ပေါ် တွင် နောက်တနေ့ မှစတင်၍ နေ့အပူချိန်(၄၀) ဒီဂရီ စင်တီဂရိတ်ထိ တက်လာနိုင်သည်ဟု ခန့်မှန်းပြောဆိုသည်။

နေပူရှိန်ပြင်းထန်မှုကြောင့် မြေပြင်မှ ရေငွေ့ပါ၀င်သည့် လေထုများ အထက်သို့ ပျံတက်ရာမှ မိုးတိမ်တောင်များ ဖြစ်ပေါ်လာပြီး ပထမအဆင့်အနေနှင့် နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်း တိုက်ခြင်း၊ လျပ်စီးလက်ခြင်းများ ဖြစ်ပွားလေ့ရှိသည်။

ထို့ထက် ပိုမိုအားကောင်း လာပါက မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ လေဆင်နှာမောင်းနှင့် စိုက်ဆင်းလေပြင်းများ တိုက်ခတ်သည့် အဆင့်သို့ ရောက်ရှိလာ နိုင်သည့်အတွက် အန္တရာယ်ပိုကြီးသည်ဟု ဦးထွန်းလွင်က ဆိုသည်။

မိုးတိမ်တောင်သည် ပျမ်းမျှခြင်းအားဖြင့် အချင်း (၁၀) မိုင်ခန့် ကျယ်ဝန်းသည့် ဧရိယာရှိပြီး စတင် ဖြစ်ပေါ်လာပါက မဲမှောင်သည့် တိမ်စိုင်တိမ်ခဲများ အဖြစ် အလွယ်တကူ မြင်တွေ့နိုင်သည့် အတွက် မိုးလေဝသ သဘောအရ မိုးခြိမ်းသံ ကြားရသူသည် တိမ်တောင်နှင့် (၄) မိုင် အကွာအဝေး အတွင်း ရောက်ရှိနေသူဖြစ်သည်ဟု သိရသည်။ ထို့အတွက် ဂရုပြု ဆင်ခြင်သင့်ကြောင်း ဦးထွန်းလွင်က ဆိုသည်။

ဘင်္ဂလား ပင်လယ်အော်အတွင်း ဖြစ်ပွားသည့် မုန်တိုင်းများ၏ (၄၆) ရာခိုင်နှုန်းသည် မြန်မာပြည်သို့ ၀င်ရောက် လေ့ရှိပြီး ယင်းမုန်တိုင်းများအနက် (၅၁) ရာခိုင်နှုန်းမှာ ယခုလို မိုးကြိုကာလတွင် အဖြစ်အများဆုံးဖြစ်၍ အထူးသတိထားရန် လိုအပ်သည်ဟု ဦးထွန်းလွင်က ပြောဆိုသည်။ 

လွန်ခဲ့သည့် မတ်လလယ်ပိုင်းကလည်း တစ်နာရီ မိုင်(၇၀) ခန့်ရှိသည့် လေပြင်းတိုက်ခတ်မှု ကြောင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းအတွင်းရှိ အိမ်ခြေ(၁၀၀)ကျော် ပြိုကျပျက်စီးခဲ့ပြီး သောင်းနှင့်ချီသည့် ပင်လယ််ရေလုပ်သားများ ပင်လယ်တွင်း မျောပါခဲ့သည်။

Most read this week