ရွာလုံးကျွတ် ပြုတ်ခဲ့သည့် ကျာကူနီ

ရွာလုံးကျွတ် ပြုတ်ခဲ့သည့် ကျာကူနီ
by -
NMG

ရှမ်းပြည်အရှေ့ပိုင်း ငလျင်ကြောင့် အဆိုးဆုံး ခံခဲ့ရသည့် နေရာဆိုလျှင် “ကျာကူနီ” ကျေးရွာ လေးပင် ဖြစ်လိမ့်မည်ဟု ဒေသခံများက ဆိုကြသည်။ ရွာ၏ ထူးခြားသော အနေအထားကြောင့် မတ်လ ၂၄ ရက်နေ့ညက လှုပ်ခဲ့သည့် ရစ်ချ်တာ စကေး (၇) အထိ ပြင်းထန်ခဲ့သော ငလျင်ဘေးဆိုးအတွင်း တစ်ရွာလုံး ပျက်စီးခဲ့ရ ...

ရှမ်းပြည်အရှေ့ပိုင်း ငလျင်ကြောင့် အဆိုးဆုံး ခံခဲ့ရသည့် နေရာဆိုလျှင် “ကျာကူနီ” ကျေးရွာ လေးပင် ဖြစ်လိမ့်မည်ဟု ဒေသခံများက ဆိုကြသည်။ ရွာ၏ ထူးခြားသော အနေအထားကြောင့် မတ်လ ၂၄ ရက်နေ့ညက လှုပ်ခဲ့သည့် ရစ်ချ်တာ စကေး (၇) အထိ ပြင်းထန်ခဲ့သော ငလျင်ဘေးဆိုးအတွင်း တစ်ရွာလုံး ပျက်စီးခဲ့ရသည်။

“သူတို့ရွာရဲ့ ဟိုးဖက် အပေါ်မှာ တောင်တစ်တောင် ရှိတယ်လေ။ ငလျင်လှုပ်တော့ အဲဒီ တောင်က အက်ပြီး ကွဲသွားတာပေ့ါ။ ပထမတော့ အက်ကြောင်းတွေ ထွက်လာတယ်။ အဲဒီ တောင်ကြောမှာ ရေကြောရှိလိမ့်မယ်ထင်တယ်။ အဲဒီ တောင်ကြောက ရေတွေထွက်လာတော့ တရွာလုံးရေစီးကြောင်း ထဲရောက်နေပြီး နေလို့ မရတော့ဘူးပေ့ါဗျာ။ ဒီတောင်ကြောက လာတဲ့ရေကလည်း တော်တော်များတယ်ပြောတယ်။ ရွာပျက်သွားသလို ဖြစ်သွားတာပေ့ါ။” ဟု ကျာကူနီ ရွာအကြောင်း ကောင်းကောင်းသိသည့် တာချီလိတ်မြို့သား တစ်ဦးက ပြောသည်။

တာချီလိတ်မြို့ မြောက်ဖက် (၁၇) မိုင်ခန့်အကွာတွင် ရှိသည့် ကျာကူနီရွာ၏ အိမ်ခြေ (၁၅၀) ခန့်အနက် (၁၄၆) အိမ်ခန့်ပျက်စီးသွားခဲ့ရသည်။ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတစ်ခု ပျက်စီးခဲ့ပြီး ရွာလုံးကျွတ် ဒုက္ခသည် ဖြစ်သွားခဲ့ ရသည်ဟု တာချီလိတ်မြို့ခံ တဦးက ပြောသည်။

ရွာသားများအတွက် မမေ့နိုင်စရာ အဖြစ်မှာ ကျေးရွာ ဘုရားကျောင်းအတွင်း ၀တ်ပြုနေစဉ် ငလျင်ဒဏ် ခံခဲ့ရသည့်အတွက် ၀ပ််ပြုနေသူ (၂၂) ဦး ပွဲချင်းပြီး သေဆုံး၍၊ အခြား (၄) ဦးမှာ တာချီလိတ်ဆေးရုံ တွင် သေဆုံးခဲ့ရခြင်း ပင်ဖြစ်သည်။

အသက်ရှင် ကျန်ရှိနေသည့် ဒုက္ခသည် (၂၀၀) ခန့်မှာ အနီးနား ကျေးရွာများတွင် ခိုလုံနေကြသော်လည်း၊ လမ်းခရီး အခက်အခဲ ရှိသည့်အတွက် သွားရောက် ကူညီသူ နည်းပါးနေသည်ဟု ကိုယ်တိုင်သွားရောက် ကူညီရန် ကြိုးစားခဲ့သည့် တာချီလိတ်မြို့သား တစ်ဦးက ပြောသည်။

“အဲဒီမှာ အရောက်အပေါက်က နည်းတယ်။ တချို့ သွားချင်တဲ့ လူတွေ ရှိတယ်။ ဒါပေမယ့် လမ်းကလည်း ရေနဲ့ ဘာနဲ့ ဆိုတော့ သွားလို့ မရဘူး။ ကျနော်တို့က သူ့တောင်ခြေထိပဲ သွားလို့ရခဲ့တယ်။ လောလောဆယ် လားဟူ ပြည်သူ့စစ်အဖွဲ့တွေက တောင်ခြေကနေ ပစ္စည်းတွေ လက်ခံပြီး ပြန်ပို့ပေးနေရတယ်။”

ငလျင်ဒဏ်ခံ ရသော အခြားဒေသများ ဖြစ်သည့် တာလေမြို့နှင့် မိုင်းလင်းကျေးရွာတို့မှ ထိခိုက်ပျက်စီးမှုများကို ယမန်နေ့ကစ၍ ရှင်းလင်းဖယ်ရှား နေကြသော်လည်း စက်ယန္တယား အသုံးပြုမှု နည်းသည့်အတွက် ကြန့်ကြာမှု ရှိနေသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

ငလျင်ဒဏ်သင့် ဒေသများသို့ ကျိုင်းတုံနှင့် တာချီလိတ်မှ စေတနာရှင်များက ပုဂ္ဂလိက အနေဖြင့် လှူဒါန်းမှုများ ရှိနေသလို ကုလသမဂ္ဂ၊ ကြက်ခြေနီ၊ World Vision စသည့် နိုင်ငံတကာ ကူညီရေးအဖွဲ့များက ကူညီပေး နေကြသည်။

သို့သော် ကျာကူနီရွာသို့ စက်ယန္တယား များ၊ ကူညီရေး အဖွဲ့များ ရောက်ရှိလာရန် အလွန် အလှမ်းဝေး နေသေးသည်ဟု ဒေသခံများက စိုးရိမ်နေကြသည်။
အပျက်အစီးများအတွင်း ကျန်ရှိသူများကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ရန် မဖြစ်နိုင်တော့ဟု ပြောဆိုမှုများလည်း ရှိနေသည်။

Most read this week