ပအို၀်း ပြည်သူ့စစ် ထိန်းချုပ်ဒေသရှိ ဘိန်းချက်စက်ရုံကို SSA ကတိုက်ခိုက်

ပအို၀်း ပြည်သူ့စစ် ထိန်းချုပ်ဒေသရှိ ဘိန်းချက်စက်ရုံကို SSA ကတိုက်ခိုက်
by -
ဇော်ကြီး

စစ်အစိုးရလက်အောက်ခံ ပအို၀်းပြည်သူ့စစ်တပ်ဖွဲ့ထိန်းချုပ်နယ်မြေရှိ ဘိန်းချက်စက်ရုံအား ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု SSA က ပြောသည်။ ...

စစ်အစိုးရလက်အောက်ခံ ပအို၀်းပြည်သူ့စစ်တပ်ဖွဲ့ထိန်းချုပ်နယ်မြေရှိ ဘိန်းချက်စက်ရုံအား ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု SSA က ပြောသည်။

ရှမ်းပြည်တောင်ပိုင်း နမ့်ဆမ်မြို့နယ် မိန်းကျစ်တိုက်နယ်အတွင်းရှိ ဘိန်းချက်စက်ရုံ (၃) ခုအား လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၂၈)ရက်နေ့က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ဘိန်းစိမ်းကီလို(၁၀၀)ကျော် နှင့် မူးယစ်ဆေးချက်လုပ်ရာတွင် အသုံးပြုသည့် ဓါတုဆေးဝါးများကို သိမ်းဆည်းမိသည်ဟု SSA တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးလောဝ်ဆိုင်က ယခုလိုပြောသည်။

“အဲဒီမိန်းကျစ်နယ်ထဲက လွယ်ရေးမှာ စခန်း(၂)ခုနဲ့ ၀မ်ဟင့် စခန်းတစ်ခု စုစုပေါင်း သုံးနေရာကို ကျနော်တို့ SSA ကဝင်တိုက်တော့ သူတို့ တပ်စခန်းထဲမှာ ကျနော်တို့ သတင်းရရှိထားတဲ့ အတိုင်း ဘိန်းစိမ်းက ကီလိုတစ်ရာကျော်နဲ့ ဟီးရိုးအင်းချက်ဖို့ ဓါတုဆေးတွေက ပေပါနဲ့ (၅) ပေပါသိမ်းမိတယ်လို့ ပြောပါတယ်။”  

ယင်းတိုက်ခိုက်မှု၌ အဝေးပစ် ၆၀ မီလီမီတာ မော်တာတစ်လက်၊ အမ် ရ၉ သေနတ်တစ်လက်၊ G-3 မောင်းပြန်ရိုင်ဖယ် (၁) လက်၊ အမ် ၁၆ မောင်းပြန်ရိုင်ဖယ် (၂) လက်နှင့်အတူ ခဲယမ်းမျိုးစုံ အပါ အဝင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ခြောက်ဦး၏အလောင်းတို့အား SSA တပ်ဖွဲ့က သိမ်းဆည်းရမိသည်ဟု ဆက်ပြောသည်။

နံနက် (၁၁) နာရီခန့်မှစတင်၍ ညနေ (၆)နာရီ အချိန်ခန့်ထိ (၇) နာရီကြာဖြစ်ပွားခဲ့ပြီး SSA ဖက်မှ ထိခိုက်ကျဆုံးမှု မရှိဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ စစ်အစိုးရဖွဲ့စည်းပေးသည့် ပြည်သူ့စစ်တပ်ဖွဲ့များသည် စစ်ရေးအတွေ့ အကြံု မရှိသည့်အတွက် SSA နှင့် တိုက်ပွဲဖြစ်ပွားပါက ထိခိုက်ကျဆုံးမှု ပိုများနိုင်သည်ဟု ပအို၀်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌဗိုလ်မှူးကြီး ခွန်ဥက္ကာက ယခုလိုပြောသည်။

“အများအားဖြင့်တော့ ပြည်သူ့စစ်က နဂိုကတည်းက စစ်ရေးအတွေ့အကြံု ကလည်းမရှိ တဖက်က လည်း နအဖရဲ့ အမိန့်အောက်မှာပဲ သွားလာလှုပ်ရှား လုပ်ရတဲ့အခါကျတော့ တိုက်ရည်ခိုက်ရည် တော့ ညံ့တာပေ့ါ။ အဲဒီလို တိုက်ပွဲဖြစ်ရင်တော့ ပြည်သူ့စစ်ဖက်က ပိုပြီးတော့ ထိခိုက်ကျဆုံးမှု များတာပေ့ါဗျာ။ ဖြစ်နိုင်ခြေလေ ကျနော်ပြောတာက။”

တိုက်ပွဲဖြစ်ပွားမှုအား အသေးစိတ်မသိရသော်လည်း ယခုလိုဘိန်းစိမ်း ထွက်ရှိသည့်ရာသီ၌ ဘိန်းခွန်လာကောက်သည့် SSA တပ်ဖွဲ့နှင့် တရုတ်ကုန်သည်များ ပိုင်ဆိုင်သည့် ဘိန်းချက်စက်ရုံကို ကာကွယ်ပေးသည့် ပအို၀်းပြည်သူ့စစ်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်နိုင်သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက သုံးသပ်ပြောဆိုသည်။

“ဘိန်းချက်စက်ရုံပိုင်ဖို့ ဘိန်းတွေဝယ်ပြီးတော့ ဓါတုဗေဒဆေးတွေဝယ်ပြီးတော့ လုပ်ဖို့ဆိုတာ အရင်းအနှီး တော်တော်ကုန်မယ်။ ပိုင်ဆိုင်မှုကတော့ တရုတ်ကုန်သည် တွေပါ။ အများအားဖြင့် တော့။ ပြည်သူ့စစ်ဆိုတဲ့ အဖွဲ့တွေက လုပ်အားခလေး၊ စောင့်ရှောက်ခလေး၊ စားဖို့ သောက်ဖို့လေး ရရုံပေ့ါ။ ဒီလို Position feel လေး ကောက်တဲ့ သဘောလောက်နဲ့ လုပ်နေကြတာပါ။ သူတို့ပိုင်ဖို့ကတော့ ကျနော်ထင််တယ် မဖြစ်နိုင်ဘူး။”  

SSA တပ်ဖွဲ့သည် ၁၉၉၆ ခုနှစ်က စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲခဲ့သည့် ယခင်ဘိန်းဘုရင် ခွန်ဆာ တပ်ဖွဲ့မှ ခွဲထွက်ခဲ့ပြီးနောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ဆောင်ရွက်လာခဲ့ပြီး လက်ရှိ စစ်အစိုးရအား လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်။

စစ်အစိုးရဖွဲ့စည်းပေးသည့် ပြည်သူ့စစ်တပ်ဖွဲ့များ ပေါ်ပေါက်လာပြီးနောက်ပိုင်း ရှမ်းပြည်နယ် အတွင်း ဘိန်းနှင့်မူးယစ်ဆေးဝါး ထုတ်လုပ်မှု ယခင်ကထက်ပိုများ လာသည်ဟု ရှမ်းပြည်မူးယစ် ဆေးဝါး စောင့်ကြည့် လေ့လာရေးအဖွဲ့က ပြောသည်။ မြန်မာနိုင်ငံ၌ လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်ကဘိန်းစိမ်းတန်ချိန် ၃၃၀ ထွက်ရှိခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် တန်ချိန် ၅၈၀ သို့ တိုးမြှင့်လာသည့် အတွက် ဘိန်းထုတ်လုပ်မှု ရ၅ ရာခိုင်နှုန်း တိုးမြှင့်လာသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC)၏ အစီရင်ခံစာအရ သိရသည်။

Most read this week