နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းရန် တိုင်းရင်းသားများပြော

နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းရန် တိုင်းရင်းသားများပြော
by -
ဇော်ကြီး

မြန်မာနိုင်ငံ၏ ဆယ်စုနှစ်များစွာ ဖြစ်ပေါ်နေသည့် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းသင့်သည်ဟု တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ပြော ...

မြန်မာနိုင်ငံ၏ ဆယ်စုနှစ်များစွာ ဖြစ်ပေါ်နေသည့် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းသင့်သည်ဟု တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ပြောသည်။

နောင်တက်လာမည့် အစိုးရအနေနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာ၌ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအပေါ် တဖက်သတ်အနိုင်ယူသည့် နည်းထက် တန်းတူရည်တူ ဆွေးနွေး အဖြေရှာနိုင်ရန် လမ်းဖွင့်ပေးသင့်သည်ဟု မျှော်လင့်ကြောင်း မကြာခင်က အသစ်ဖွဲ့စည်း လိုက်သည့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ၏ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီးခွန်ဥက္ကာ က ယခုလို ပြောသည်။

“သူ့အနေနဲ့ တန်းတူရည်တူ မင်းတို့လည်း ကိုယ့်နယ်မြေ ကိုယ့်ဒေသနဲ့ ကိုယ့်လူမျိုးကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေ ဖြစ်နေတယ်ဆိုတာ အသိအမှတ်ပြုရင်တော့ အဲဒီဒေသတွေ အဲဒီနယ်မြေတွေ အရေးနဲ့ ပတ်သက်ပြီးတော့ သူက တန်းတူရည်တူ ခေါ်ယူဆွေးနွေးပြီးတော့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ လမ်းဖွင့်ပေးရမှာ ဖြစ်တာပေ့ါဗျာ။ အဲတာတော့ ကျနော်တို့ကတော့ မျှော်လင့်ပါတယ်။”  

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ United Nationalities Federal Council (Union of Burma) ကို စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ပြုလုပ်ထားသည့် အဖွဲ့များ အပါအဝင် လက်ရှိစစ်အစိုးရအား တိုက်ခိုက်နေသည့် တိုင်းရင်းသားအဖွဲ့(၁၅)ဖွဲ့ဖြင့် ယခုလ(၁၆) ရက်နေ့က ထိုင်းမြန်မာနယ်စပ် တနေရာတွင် ဖွဲ့စည်းခဲ့ပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကို အဓိကထား ဆောင်ရွက်သွားမည်ဟု သိရသည်။

ယင်းအဖွဲ့တွင် မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်(DAB)၊ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (NDF)၊ တိုင်းရင်းသား လူမျိုးများကောင်စီ (ENC) အဖွဲ့ဝင်များဖြင့်ဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မတီ (၂၂)ဦးအား ရွေးချယ်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီ(၁၁)ဦးက အဖွဲ့လုပ်ငန်း စဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

ခေတ်အဆက်ဆက် စစ်အစိုးရလက်ထက်က တိုင်းရင်းသား အဖွဲ့များအား သွေးခွဲစံနစ်ကျင့်သုံး ခဲ့သည့်အတွက် တိုင်းရင်းသားအဖွဲ့အတော်များများ တပ်ပေါင်းစုအဖွဲ့မှ ခွဲထွက်၍ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည့် အနေအထားများ ဖြစ်ပေါ်ခဲ့သည့်အပေါ် ကာကွယ်နိုင်ရန် ရည်ရွယ်၍ ယခုလိုဖွဲ့စည်းခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

“အပစ်မရပ်တဲ့ အဖွဲ့တွေနဲ့ ကျောချင်းကပ်၊ ရင်ချင်အပ်ပြီးတော့ ပူးပေါင်းနေမယ်။ စုပေါင်းကာကွယ် မယ်။ စုပေါင်းပြီးတော့ နိုင်ငံရေးအရလာရင်လည်း နိုင်ငံရေးအရ ပြောမယ်။ စစ်ရေးအရ လာရင်လည်း စစ်ရေးအရခုခံ ကာကွယ်မယ် အဲဒီလို ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဖက်ဒရယ်ကောင်စီ အစုအဖွဲ့ ဖြစ်လာတာလို့ ပြောနိုင်တယ်ခင်ဗျ။”

ညီလာခံမှရွေးချယ်လိုက်သည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ (၁၁)ဦးအနက် ဥက္ကဌအဖြစ် KNU အဖွဲ့မှ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး၊ ဒုဥက္ကဌအဖြစ် KIO အဖွဲ့မှ ဗိုလ်ချုပ်ကြီး မရန် ဂေါ်ရီဇော်ဆိုင်း၊ ဒုဥက္ကဌ (၂) အဖြစ် KNPP အဖွဲ့မှ အေဘယ်တွိ၊ အထွေထွေအတွင်းရေးမှူးအဖြစ် NMSP အဖွဲ့မှ နိုင်ဟံသာ၊ တွဲဖက် အတွင်းရေးမှူး(၁) အဖြစ် ဗိုလ်မှူးကြီခွန်ဥက္ကာနှင့် တွဲဖက် အတွင်းရေးမှူး(၂)အဖြစ် KNPP အဖွဲ့မှ ခွန်းရွှေမျိုးသန့်တို့ဖြစ်သည်။

ယင်းအဖွဲ့သည် စစ်အစိုးရအား လက်ရှိတိုက်ပွဲဝင်နေသည့် ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက်မခံငြင်းဆန်ထားသည့် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ် ပါတီ MNSP၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP စသည့် တိုင်းရင်းသား လက်နက်ကိုင ်(၆)ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ CEFU အဖွဲ့မှ ညီလာခံ ပြုလုပ်၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Most read this week