နှင်းခဲ ကျသဖြင့် ရှမ်းတောင် မြို့အများအပြားရှိ ပဲစဉ်းငုံ စိုက်ခင်းနှင့် အခြားသီးနှံများ ပျက်ဆီး

နှင်းခဲ ကျသဖြင့် ရှမ်းတောင် မြို့အများအပြားရှိ ပဲစဉ်းငုံ စိုက်ခင်းနှင့် အခြားသီးနှံများ ပျက်ဆီး
by -
ခွန်အောင်မြတ်

ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များတွင် ဆီးနှင်းခဲများ ကျဆင်းသဖြင့် စိုက်ပျိုးထားသည့် ပဲစဉ်းငုံနှင့် အခြားသီးနှံအပင်များ ခြောက်သွေ့ပြီး ပျက်စီးသဖြင့် ဒေသခံများ အခက်တွေ့နေကြ ...

ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များတွင် ဆီးနှင်းခဲများ ကျဆင်းသဖြင့် စိုက်ပျိုးထားသည့် ပဲစဉ်းငုံနှင့် အခြားသီးနှံအပင်များ ခြောက်သွေ့ပြီး ပျက်စီးသဖြင့် ဒေသခံများ အခက်တွေ့နေကြသည်။

ဒီဇင်ဘာလအတွင်းမှစ၍ ယခု ဇန္နဝါရီလအထိ ဆီးနှင်းခဲများ အဆမတန် ကျဆင်းနေမှုကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ မောက်မယ်မြို့နယ်နှင့် ဟိုနမ့်မြို့နယ်ခွဲများ အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးထားသည့် ပဲစဉ်းငုံ၊ ငှက်ပျောခြံနှင့် အခြားသီးနှံများ အပင်ခြောက်သွေ့ကာ ပျက်စီးကုန်ကြသည်။

ဒေသခံများအနေဖြင့် လာမည့်နွေရာသီအတွက် အားကိုးအားထားရသော အဓိကသီးနှံတစ်မျိုးဖြစ်သည့် ပဲစဉ်းငုံ ခင်းများ ယခုလို နှင်းခဲများ အဆမတန်ကျဆင်းမှုကြောင့် သီးနှံပျက်ဆီးသွားသဖြင့် လာမည့်နွေရာသီအတွက် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း ဒေသခံများကပြောသည်။

ဟိုပုံးလွင်ပြင်တွင် စပါးစိုက်ပျိုးရာ မအောင်မြင်သဖြင့် တောင်ကြီးမြို့နယ်တွင်း ပဲစဉ်းငုံစိုက်ပျိုးနေသည့် ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“ဒီနှစ် ဘာဖြစ်နေလဲမသိဘူး မိုးရာသီတုန်းကလဲ မိုးမမှန် ဖြစ်နေပြီး မိုးရာသီချိန် မဟုတ်တော့လဲ မိုးကရွာနေတော့ ကျနော်တို့ ဒီဟိုပုံးလွင်ပြင်မှာရှိတဲ့ လယ်သမား တွေတော်တော်များများ အခက်တွေ့ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လယ်သိမ်းချိန်နဲ့ တိုးနေတယ်လေ။ အဲတာလည်း လုပ်ငန်းနားလိုက်သေးရတယ်။ ဘာမှလုပ်လို့ မရဘူး၊ ရွာဘက် ပြန်တော့လည်း ခုုဆို နှင်းတွေအဆမတန်ကျပြန်တော့ ပဲစဉ်းငုံခင်းတွေ လမ်းဘေးဝဲယာအကုန်လုံး အပင်ခြောက်ပြီး၊ ပျက်ဆီးနေပြီး ဘာမှသုံးလို့ ရတော့မှာ မဟုတ်တော့ဘူး၊ ကျနော်တို့ရွာသားတွေ ဘယ်လိုလုပ် ရမှန်း မသိတော့ဘူး။”

သီးနှံပင်များ ပျက်ဆီးသွားသဖြင့် စားဝတ်နေရေး ကြပ်တည်းမည့်အပြင် ဒေသတွင်း အကောက်ခွန်များပြား သဖြင့် အခက်အခဲ ပိုကြံုရသည်ဟု အခြား ဒေသခံတဦးက ပြောသည်။

“တချို့ရွာသားတွေက လာမယ့်နွေရာသီမှာ အားထားရတဲ့သီးနှံဆိုလို့ ပဲစဉ်းငုုံပဲရှိတယ်။ ခုလို ပျက်ဆီးသွားတော့ လာမယ့်နွေရာသီမှာ စားဝတ်နေရေး အခြေအနေ ဆိုးနိုင်တယ်။ အခုတလောဆို ကျနော်တို့ဘက်မှာ အကောက်အခွန်ကလဲ အများကြီးကောက်ထားတယ်။ တစ်ခါကောက်ရင် ကျပ် ၁၀၀၀၀ ထက်မနည်းဘူး၊ ကျောင်းက ပညာရေးစုံညီပွဲတော်အတွက် ကျောင်းဆရာမ ပိုက်ဆံကျပ်၂၀၀၀ ကောက်ခိုင်းနေပြီ ဘာတွေမှန်းလဲ မသိတော့။”

မြန်မာနိုင်ငံတွင် အအေးလှိုင်းဖြတ်သန်းမှုကြောင့် ဒီဇင်ဘာလအပြင် ၂၀၁၁ ခုနှစ် ဇန္နဝါရီလတွင်လည်း ပြည်နယ်နှင့်တိုင်း အတော်များများတွင် ဆီးနှင်းများ ကျဆင်းပြီး အအေးပိုပြင်းထန်သည်ဟု မြန်မာနိုင်ငံမိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ပြီးခဲ့သည့် ဒီဇင်ဘာလ ဆန်းပိုင်းက သတင်းထုတ်ပြန်ထားသည်။

လွန်ခဲ့သည့် ၁၉၉၇ ခုနှစ်တွင်လည်း ယခုကဲ့သို့ အအေးလှိုင်းဒဏ် လွန်ကဲပြီး ဆီးနှင်းများ ကျဆင်းသဖြင့် ရှမ်းပြည်နယ် အတွင်းရှိ သီးနှံခြံများ အများအပြားပျက်စီးကုန်သည့်အပြင် သက်ကြီးရွယ်အိုနှင့် ကလေးများ လည်း ကျန်းမာရေး ထိခိုက်မှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

Most read this week