ယာယီပတ်စပို့စ် ကိုင်ထားသည့် အလုပ်သမား ၅ဝဝ ကျော် အလုပ်လက်မဲ့ဖြစ်

ယာယီပတ်စပို့စ် ကိုင်ထားသည့် အလုပ်သမား ၅ဝဝ ကျော် အလုပ်လက်မဲ့ဖြစ်
by -
ဇော်ကြီး

ထိုင်းနှင့်လာအိုနယ်စပ် ခေါန်ကဲန်ငါးဖမ်းပိုက်စက်ရုံမှ မြန်မာအလုပ်သမား ၅ဝဝ ကျော်၏ အလုပ်လုပ်ခွင့်လက် မှတ်များကို စက်ရုံတာဝန်ခံက ရုတ်သိမ်းလိုက်သည့်အတွက် အလုပ်သမားများ အလုပ်လက်မဲ့ဖြစ် ...

ထိုင်းနှင့်လာအိုနယ်စပ် ခေါန်ကဲန်ငါးဖမ်းပိုက်စက်ရုံမှ မြန်မာအလုပ်သမား ၅ဝဝ ကျော်၏ အလုပ်လုပ်ခွင့်လက် မှတ်များကို စက်ရုံတာဝန်ခံက ရုတ်သိမ်းလိုက်သည့်အတွက် အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်နေကြသည်။

အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရခြင်းကြောင့် အလုပ်မှနုတ်ထွက်ခွင့်တောင်းဆိုခဲ့သည့် မြန်မာအလုပ်သမား များ၏ တရားဝင်အလုပ်လုပ်ခွင့်လက်မှတ် (work permit) ကို အလုပ်ရှင် က ရုတ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့မှ မသက်သက်ဦးက ယခုလိုပြောသည်။

“လုပ်သားက အလုပ်ကထွက်တဲ့အတွက် စက်ရုံဟာ ဆုံးရှုံးမှုတွေဖြစ်သွားတယ်။ စက်ရုံဟာ ဘယ်လိုမှ လည်ပတ်နိုင်ခြင်းမရှိဘူးဆိုပြီးတော့မှ သူရဲ့နိုင်ငံခြားသားလုပ်သားငှားရမ်းခွင့် ကိုတာ(Quota)ကို ရုတ် သိမ်းလိုက်တယ်။ ရုတ်သိမ်းလိုက်တဲ့အခါမှာ အဲဒီအလုပ်သမား ၅၆၉ ဦးက ဒီထိုင်းနိုင်ငံမှာ အလုပ် လုပ်ခွင့် ဝပ်ပါမစ် မရှိတော့တဲ့ အလုပ်သမားတွေ ဖြစ်သွားတယ်။”  

စက်ရုံအလုပ်သမားများက နုတ်ထွက်ခွင့်ကို ယခုလ (၅)ရက်နေ့က တောင်းဆိုခဲ့စဉ် အလုပ်ရှင်က ခွင့်ပြုခဲ့သော် လည်း အလုပ်သမားလက်မှတ်များနှင့် လုပ်အားခများကို မပေးသေး သည့်အတွက် အလုပ်သမားများအနေနှင့် စက်ရုံအတွင်း ဆက်လက်နေထိုင်ခဲ့သည်။

ယင်းသို့နေထိုင်ပါက ၎င်းတို့၏ရပိုင်ခွင့်များနှင့် လုပ်အားခများကို မပေးနိုင်ကြောင်း အလုပ်ရှင် က ပြောခဲ့ သည့်အပြင် စက်ရုံအတွင်းနေထိုင်ခအဖြစ် အလုပ်သမားတဦးအတွက်၊ တရက်လျှင် ဘတ်လေးဆယ်နှုန်းဖြင့် လုပ်အားခထဲမှ ပြန်နုတ်မည်ဟု သိရသည်။

ထို့ကြောင့်အလုပ်သမားများက စက်ရုံနှင့် မလှမ်းမကမ်းရှိ ပါနန်း ဘုန်းတော်ကြီးကျောင်းသို့ ယနေ့နံနက်ပိုင်းမှစ၍ ရွှေ့ပြောင်းခဲ့ပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုများအတွက် အလုပ်ရှင်နှင့် တာဝန်ရှိသူများအား တရား စွဲဆိုမည်ဟု အလုပ်သမားခေါင်းဆောင်တဦးဖြစ်သူ ကိုမြင့်မောင်က ယခုလိုပြောသည်။

“လက်ရှိကျနော်တို့ရည်ရွယ်ထားတာကတော့ စက်ရုံမှူးကို ပြန်တရားစွဲမယ်။ ပြီးရင် ကျနော်တို့ မြန်မာ အာဏာပိုင်(အလုပ်ရှင်မှ တာဝန်ပေးထားသည့် ကကညခေါ်အလုပ်သမားခေါင်းဆောင်) အဖွဲ့က ကျ နော်တို့ကို နှိပ်ကွပ်ခဲ့တဲ့သူတွေကိုလည်းတရားစွဲမယ်။ ပတ်သက်ရာ ပတ်သက် ကြောင်းတွေ အကုန်လုံး ကို ပြန်ပြီး တရားစွဲဖို့ အစီအစဉ်ရှိပါတယ်။”

ထိုင်းနိုင်ငံ၏ အလုပ်သမားဥပဒေအရ မည်သည့်အကြောင်းကြောင့်ဖြစ်စေ အလုပ်သမား လက်မှတ်ရုတ်သိမ်း မည်ဆိုပါက အလုပ်ရှင်မှ အလုပ်သမားထံ အနည်းဆုံးတစ်လမှ သုံးလ အတွင်း ကြိုတင်အသိပေးရမည်ဟု အ လုပ်သမားများအားကူညီပေးနေသည့် မက်ဖောင်ဒေး ရှင်းမှ ကိုနစ်က ယခုလိုပြောသည်။

“အမှန်တကယ်ဥပဒေအတိုင်းသာဆိုရင် တပါးသူတစ်ယောက်ရဲ့ မှတ်ပုံတင်၊ အချက်အလက် တွေလေ အဲတာကို တယောက်ကနေသိမ်းတာတို့ ပယ်ဖျက်တာတို့ လုပ်ပိုင်ခွင့်မရှိဘူးလေ။ အခု ပြောမယ်ဆိုရင် စက်ရုံက သူတို့လုပ်တာမှားတာပေါ့။ ကြိုတင်မပြောပဲနဲ့ ချက်ချင်းကြီး ထွက်ဆိုလို့ရှိရင် အလုပ်သမားက ပြန်တရားစွဲလို့ရတယ်။”

အလုပ်သမားတဦးလျှင်လုပ်အားခ ထိုင်းဘတ်ငွေ (၄၈ဝဝ) ခန့်ရရှိရန် ကျန်ရှိနေပြီး ညနေ ၆ နာရီ ခွဲသည်အထိ လာရောက်မထုတ်ပေးသည့်အပြင် အလုပ်ရှင်မှ ဘဏ်ငွေလွဲစံနစ်ဖြင့် ထုတ်ပေးပြီးပြီဟု လိမ်ညာနေကြောင်း ကိုမြင့်မောင်က ယခုလိုပြောသည်။

“နဂိုတုန်းကပြောထားတာက ဘဏ်စံနစ်နဲ့ မပေးဘူး။ အပြင်မှာပဲထုတ်ပေးမယ်ဆိုပြီး သူက ကျနော်တို့ ကိုပြောထားတာရှိတယ်လေ။ အခုက ဘဏ်ကဒ်ကနေ ရှင်းပေးပြီးပြီဆိုပြီး ဒီသူဌေး က လိမ်နေတယ် လေ။ အဲဒီလိမ်နေတာကို ကျနော်တို့က လက်ခံပေးလို့မရဘူးဗျ။ ကျနော်တို့က အလုပ်ကလည်း ထွက် ထားတဲ့သူတွေဆိုတော့ ဘဏ်ကဒ်ကလည်း မရှိတော့ ဘူး။ အဲတာ ကျနော်တို့လက်ထဲမှာပဲ ထုတ်ပေးဖို့ ကျနော်တို့က အခုတောင်းဆိုနေတယ်လေ။”

အလုပ်သမားများအနေနှင့် ၎င်းတို့ရသင့်သည့် လုပ်အားခ အပြည့်အဝရရှိရေးအတွက် ဆက်လက်တောင်းဆိုသွား မည်ဟု သိရသည်။

အလုပ်ရှင်ထံမှ လုပ်အားခရရှိပြီးပါက အလုပ်သမားများအနေနှင့် မဲဆောက်သို့် ပြန်သွား၍ အလုပ်ရှင်အသစ် ထပ် မံရှာဖွေပြီး အလုပ်သမားလက်မှတ် ပြန်လည်ပြုလုပ်ရမည်ဖြစ်သည်။

 

 

 

Most read this week