လိုင်စင်မဲ့ကားသိမ်းပြီး လူကိုဖမ်း၊ သိန်း (၂ဝဝ) အာမခံပေးရ

လိုင်စင်မဲ့ကားသိမ်းပြီး လူကိုဖမ်း၊ သိန်း (၂ဝဝ) အာမခံပေးရ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အခုလ(၂ဝ)ရက်နေ့က လိုင်စင်မဲ့ကားများသိမ်းပြီး လူကိုဖမ်းဆီးခဲ့ကာ ကျပ် သိန်း(၂ဝဝ)အာမခံဖြင့် ပြန်လွှတ်...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အခုလ(၂ဝ)ရက်နေ့က လိုင်စင်မဲ့ကားများသိမ်းပြီး လူကိုဖမ်းဆီးခဲ့ကာ ကျပ် သိန်း(၂ဝဝ)အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ရဲတပ်ဖွဲ့နှင့် ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန(ကညန)တို့ ပူးပေါင်းပြီး မြစ်ကြီးနားမြို့ပေါ်ရှိ နေအိမ်များ တွင် လိုက်လံဖမ်းဆီးခဲ့ရာ ပါဂျဲရိုး၊ မတ်တူးအပါအဝင် ဇိမ်ခံကား (၁၃)စီးနှင့် ပိုင်ရှင်(၁၂)ဦးအား ဖမ်းဆီးခဲ့သည်ဟု အဖမ်းခံခဲ့ရသည့် မိသားစုဝင်တဦးက ပြောသည်။

“ပါဂျဲရိုးက (၇)စီး၊ မတ်တူး၊ ဆပ်တို့နဲ့ဆိုရင် အားလုံး(၁၃)စီး၊ ပြန်မပေးသေးဘူး။ မြစ်ကြီးနား၊ တပ် ကုန်းက အရန်ရဲတပ်ရင်းမှာ သိမ်းထားတယ်။ လူတွေကိုတော့ ပြီးခဲ့တဲ့ သောကြာနေ့က အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်၊ ကားပိုင်ရှင်တဦးကိုအာမခံဖို့ တခြားလူနှစ်ယောက်ကနေ တယောက်ကို ကျပ် သိန်း(၁ဝဝ)စီနဲ့ သိန်း(၂ဝဝ) အာမခံ ပေးရတယ်။ လူ(၁၂) ယောက်လုံး ပြန်လွှတ်ခဲ့ပြီ။”

ယခင်က ကျပ်ငွေသိန်းရာနှင့်ချီ၍ ပေးခဲ့ရသူများ ရှိသည်ဟု အခြားမြို့ခံ အမျိုးသမီးတစ်ဦးက ဟု ပြောသည်။

ယခုတလော လိုင်စင်မဲ့ကားများနှင့် ဆိုင်ကယ်များအား အဖမ်းအဆီးကြမ်းနေပြီး ဆိုင်ကယ်များကို လိုင်စင်ပြု လုပ်ခိုင်းကာ ကားများကိုမူ သိမ်းယူသွားသည်ဟု မြို့ခံ အမျိုးသမီး က ယခုလိုပြောသည်။

“ကိုယ်သိကျွမ်းတဲ့သူကျတော့ တမျိုးပေ့ါ။ အဆက်အသွယ်ရှိတဲ့သူကျတော့ တမျိုးပေ့ါ။ ကားတွေက တော့ ဖမ်းမိရင်တော့ ပြန်ပေးတာ မကြားသလောက်ပါပဲ။ လေလံ ပြန်ရောင်း ပေးတာတွေ အဲလိုမျိုး ရှိ တယ်လို့ ပြောတာပဲ။ အစိုးရကနေ လိုင်စင်ပြန်လုပ်ပြီးမှ ပြန်ရောင်း ပေးတာပေ့ါကွာ။”

ဆိုင်ကယ်တစ်စီးလျှင် လိုင်စင်လုပ်ခ ကျပ်ငွေနှစ်သိန်းခွဲနှင့် ဘေးတွဲပါရှိပါက ခုနှစ်သိန်းကျော် ပေးရသည်။

ယင်းသို့ ဖမ်းဆီးရာတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ခွင့်ပြုချက်လက်မှတ်ဖြင့် အသုံးပြုနေသည့် ယာဉ်များ လည်း အဖမ်းခံခဲ့ရပြီး နေ့တွင်းချင်း ပြန်လွှတ်ပေးခဲ့သည်ဟု အဆိုပါ မြစ်ကြီးနားဒေသခံက ပြောသည်။

“မပခရဲ့ ရန်ပုံငွေသဘောနဲ့ လိုင်စင်လက်မှတ် ထုတ်ပေးထားတာရှိတယ်၊ ဖမ်းဆီးရမိထားတဲ့ကားကို ငှားသုံးထားပါတယ်ဆိုတဲ့သဘောနဲ့ အကြံအဖန်လုပ်ထားတဲ့ ကားတွေပေါ့။ အဲလိုကားတွေလည်း ဖမ်း မိတယ်။ အဲဒါတွေကျတော့ ညနေပိုင်း ပြန်လွှတ်ပေးလိုက်တယ်။ အခုတော့ အိမ်တွေမှာ လိုက်မဖမ်း ရဘူးဆိုပြီး မပခတိုင်းမှူး အမိန့်နဲ့ တားထားလို့ အိမ်တွေမှာ ဖမ်းတာတော့ မရှိဘူး။”

ယခုလ(၂ဝ)ရက်နေ့က စ၍ မြစ်ကြီးနားနှင့် ဗန်းမော်မြို့နယ်အတွင်း လိုင်စင့်မဲ့ ကားများ၊ ပစ္စည်းတင် သုံးဘီးများ၊ မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးခဲ့ပြီး သုံးဘီးနှင့် မော်တော် ဆိုင်ကယ်များကို လိုင်စင် လုပ်ခိုင်းခဲ့ပြီး ကား များကိုမူ သိမ်းယူခဲ့သည်။

Most read this week