ရှမ်းပြည်တောင်ပိုင်းတွင် ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေးကို အမှီပြုနေရသည့် တောင်သူနှင့် ဒေသခံ များ အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။
ရှမ်းပြည်တောင်ပိုင်းတွင် စပါးအများဆုံး ထွက်သည့် ဟိုပုံးလွင်ပြင်တွင် ယခုနှစ် မိုးနောက် ကျသဖြင့် နောက် တကြိမ် ပျိုးထပ်မံ စိုက်ပျိုးရသဖြင့် လယ််သမားများ အခက်အခဲများနှင့် ကြံုတွေ့နေရသည်ဟု ယင်းဒေသတွင် သ ဘာဝပတ်ဝန်းကျင်နှင့် သတ္တုတွင်းတူးဖော်ရေး စောင့်ကြည့်လေ့လာသူ ပအိုဝ်းလူငယ်အစည်းအရုံးမှ ခွန်ချန်ကီ က ပြောသည်။
“ပထမ ပျိုးတဲ့ပျိုးပင်က စိုက်လို့မရဘူး၊ မိုးမလာတော့ စိုက်လို့မရဘူး။ အဲ့ဒီတော့ လယ်သမားတွေက နှစ်ခါကုန်တာပေါ့။ ကုန်ကျစရိတ်က အရင်နှစ်ထက်ပိုများတယ်လေ။”
ဆီဆိုင်မြို့နယ်တွင်းရှိ ကျေးရွာ အတော်များများသည် မိုးရေကိုနှစ်စဉ် သိုလှောင်ပြီး အသုံးပြုခဲ့ကြရာ ယခုနှစ်တွင် ရေရှားပါးမှု ပြဿနာနှင့် ကြံုတွေ့နေရသည်ဟု ဆက်ပြောသည်။
“ဟိုးဆီဆိုင်မြို့ရဲ့အရှေ့ဖက်ကရွာ အဲ့ဒီဖက်ကရွာသုံးရွာ လေးရွာမှာလည်း ရေမလုံလောက်တဲ့ပြဿနာ ရင်ဆိုင်ရတယ်။ အဲ့ဒီရွာတွေက ဖလိုင်ရွာ၊ လွယ်တဖြီးရွာ တို့ပေါ့နော်၊ လွယ်ထွယ်ရွာတို့၊ တောင်းတပ်ရွာ တို့၊ အဲဒီ ဆီဆိုင်မြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ရွာပေါ့။”
ရာသီဥတု ဖောက်ပြန်ပြီး မိုးမရွာသဖြင့် တောင်သူလယ်သမားများက ကောက်မစိုက် နိုင်သည့် အတွက်ကြောင့် နေ့စားအငှားလိုက်သူများလည်း အလုပ်လက်မဲ့ ပြဿနာများနှင့် ရင်ဆိုင်နေကြရသည်။
ဖွံ့ဖြိုးရေး စီမံကိန်းများတွင် မြေယာသိမ်းယူခြင်းများကလည်း ရေခမ်းခြောက်မှုကို ဖြစ်စေသည်ဟု ခွန်ချန်ကီက ပြောသည်။
“နဂိုကတည်းက သူတို့ စိုက်ပျိုးနေတဲ့ မြေတွေကို အစိုးရက သိမ်းသွားတယ်။ အဲလိုမျိုး သိမ်းသွားတော့ သူတို့က ဟိုတခြားနေရာသစ်ကို သွားရှာရတယ်။ သစ်ပင်တွေ ပြန်ခုတ်ရတယ်။ ပြန်ခုတ်တော့ သစ် တော ပြုန်းတီးတာတွေ ဖြစ်လာတယ်။ ရေတွေ ခမ်းလာတယ်။ ရာသီဥတုတွေပါ ဖောက်ပြန်လာ တယ်။”
ပင်လောင်းဒေသတွင်လည်း တီကျစ် ကျောက်မီးသွေးတွင်း တူးဖော်မှုကြောင့် ရေခမ်းခြောက်ခြင်း ပြဿနာနှင့် ရင်ဆိုင်ရကြောင်း ဆက်ပြောသည်။
“ကျောက်မီးသွေးတူးလိုက်တော့ ရေကြောထိတယ်။ ကျောက်မီးသွေးတွင်းမှာ ရေထွက်လာတယ်။ ရေ ထွက်လာတော့ ဟိုးတဖက်ရွာမှာ ပလုန်းတန်ရွာဖက်မှာ ရှိတဲ့ ရေအိုင်က ခန်းသွားတာပေါ့၊”
ဒေသခံပြည်သူများမှာ ရေပြဿနာကြောင့် အခက်အခဲအမျိုးမျိုးနှင့် ကြံုတွေ့နေရသည့် အပြင် အလုပ်လက်မဲ့ ပြဿနာများအပြင် နောက်ဆက်တွဲအနေနှင့် စပါးအထွက် ကျဆင်းလာနိုင်သဖြင့် ဒေသခံများက စိုးရိမ်နေ ကြသည်။