လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၃၀ ကျော် တရုတ်က မြန်မာထံ လွှဲအပ်

လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၃၀ ကျော် တရုတ်က မြန်မာထံ လွှဲအပ်
by -
ဇော်ကြီး
တရုတ်မြန်မာနယ်စပ် ရွှေလီဒေသတွင် လူကုန်ကူးခံထားရသူ မြန်မာနိုင်ငံသား ၃၀ ကျော်အား တရုတ်အာဏာ ပိုင်က ယမန်နေ့က မြန်မာအစိုးရ ထံသို့လွှဲပြောင်း ပေးခဲ့သည်။ နှစ်နိုင်ငံနယ်စပ် လွယ်ကျယ်မြို့တွင် တရုတ်အာဏာပိုင်များက မြန်မာအာဏာပိုင်ထံသို့ လွှဲပြောင်းပေးခဲ့သည်ဟု...

တရုတ်မြန်မာနယ်စပ် ရွှေလီဒေသတွင် လူကုန်ကူးခံထားရသူ မြန်မာနိုင်ငံသား ၃၀ ကျော်အား တရုတ်အာဏာ ပိုင်က ယမန်နေ့က မြန်မာအစိုးရ ထံသို့လွှဲပြောင်းပေး ခဲ့သည်။ နှစ်နိုင်ငံနယ်စပ် လွယ်ကျယ်မြို့တွင် တရုတ်အာဏာပိုင်များက မြန်မာအာဏာပိုင်ထံသို့ လွှဲပြောင်းပေးခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦးက ယခုလိုပြောသည်။

“မနေ့ကကျနော် လွယ်ကျယ်ကပြန်လာတာ။ သုံးဆယ်နဲ့ သုံးယောက်လား၊ လေးယောက်လားမသိဘူး ဗျ။ မမေးလိုက်ရဘူးလေ။ ယောကျာ်းကလေးတွေရော၊ မိန်းခလေးတွေရော အကုန်လွှဲတာလေ။”

လွှဲပြောင်းသည့်အချိန်တွင် အဖမ်းခံရသူများကို တရုတ်အာဏာပိုင်များက ရိုက်နှက်သဖြင့် နှစ်ဖက်အာဏာပိုင် ကြား အချင်းများခဲ့ကြသည်ဟု ၎င်းကဆက်ပြောသည်။
“အဲ့မှာသူတို့နှစ်နိုင်ငံရဲတောင်မှ တစ်ယောက်နဲ့တစ်ယောက် ပဋိပက္ခဖြစ်ပြီး စကားတွေများနေကြတယ်လေ။”

၎င်းတို့အား ကျန်းဖုန်းဒေသတွင် ဖမ်းဆီးခဲ့ပြီး တရုတ်နယ်စပ် လွယ်ကျယ်မှ ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ခေါ် ဆောင်သွားမည်ဖြစ်သည်။ တရုတ်နိုင်ငံ၏ ၂၀၀၉ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေးစီမံချက်အရ ကုန်ကူးခံရသူ ၂၉၀ ကျော်အား တရုတ် ဖက်မှ မြန်မာဖက်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြောင်း ပြည်တွင်းထုတ် Weekly Eleven ဂျာနယ်၌ ဖော်ပြထားသည်။

၂၀၀၉ ခုနှစ်အတွင်း ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့လွှဲပြောင်းပေးခဲ့ရာ ကုန်ကူး ခံရသူပေါင်း ၄၃၁ ဦးအနက် တရုတ်ပြည်မှ ၂၉၃ ဦးပါ၀င်သဖြင့် စုစုပေါင်း ၆၈ ရာခိုင်နှုန်း ရှိသည်ဟု အဆိုပါအရာရှိကပြောသည်။

လူကုန်ကူးခံရသူများကိုသာ ဖမ်းဆီးပြန်ပို့ပြီး လူကုန်ကူးသူများကိုမူ အရေးယူခြင်းမရှိသည့် အပြင် လာဘ်စားမှု များရှိနေသရွေ့ ယင်းစီမံချက်အောင်မြင်မှုမရနိုင်ဟု တရုတ်-မြန်မာ နယ်စပ်အရေး လေ့လာသူ ဦးအောင်ကျော် ဇောက ပြောသည်။

“ဒါကြောင့်မို့ ဒီလုပ်ငန်းဟာ မအောင်မြင်နိုင်ဘူးလို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆို နှစ်နိုင်ငံလုံးက မသမာမှုနဲ့လုပ်နေကြတာကိုး။”

လွန်ခဲ့သည့် တစ်ပါတ်ခန့်ကရွှေလီမှ မြန်မာမိန်းခလေး ၁၁ ဦးအား တရုတ်အာဏာပိုင်က ဖမ်းမိစဉ် တရား ၀င်လွှဲပြောင်းခြင်းမရှိဘဲ လာဘ်ငွေယူ၍ နယ်စပ်ဂိတ်သုံးခုတွင် လူခွဲပြီး ပြန်လွှတ်လိုက်သည်ဟု ၎င်းကဆက် ပြောသည်။

ယခုလို တရုတ်နှစ်သစ်ကူးကာလ နီးကပ်ချိန်တွင် နှစ်စဉ် တရားမဝင် ၀င်ရောက်လာသူ များအား တရုတ်အစိုးရ မှဖမ်းဆီး ပြန်ပို့လေ့ရှိပြီး အချို့အိမ်ထောင်သည်များ ပါ၀င်သည်ဟု ပြောသည်။

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဌာန၏  ၂၀၀၉ ခုနှစ် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် လူကုန်ကူးမှု အဆိုးဝါး ဆုံး နိုင်ငံများစာရင်းတွင် ပါ၀င်သည်။ မြန်မာနိုင်ငံ၌ လူကုန်ကူးမှုလျော့ကျရေး ဆောင်ရွက်မည်ဆိုပါက အာဏာပိုင်များအနေဖြင့် လူကုန်ကူးမှု ဥပဒေ အား ပိုမိုနားလည်ထားရန်နှင့် လူကုန်ကူးမှုများကို ပူးပေါင်းဖော်ထုတ် ရန် လိုအပ်နေသည်ဟု ရန်ကုန်ရှိ မဲခေါင် မြစ်ဝှမ်း လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP အင်တာနက် စာမျက်နှာ၌ဖော်ပြထားသည်။

Most read this week