မြစ်ဆုံ ရေကာတာစီမံကိန်း ဖွင့်ပွဲ ပြုလုပ်မည့်နေ့တွင် ရေကာတာ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

မြစ်ဆုံ ရေကာတာစီမံကိန်း ဖွင့်ပွဲ ပြုလုပ်မည့်နေ့တွင် ရေကာတာ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ကချင်ပြည်နယ် အထက်ပိုင်း၊ ဧရာဝတီ မြစ်ဆုံဒေသတွင် ယနေ့ ပြုလုပ်မည့် ရေအားလျှပ်စစ် စီမံကိန်းဖွင့်ပွဲကို ဆန့်ကျင်သည့် အနေဖြင့် ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂက ဦးဆောင်ပြီး ပိုစတာကပ် လှုပ်ရှားမှုများ...

ကချင်ပြည်နယ်အထက်ပိုင်း၊ ဧရာဝတီမြစ်ဆုံဒေသတွင် ယနေ့ပြုလုပ်မည့် ရေအားလျှပ်စစ် စီမံကိန်းဖွင့်ပွဲကို ဆန့် ကျင်သည့်အနေဖြင့် ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂက ဦးဆောင်ပြီး ပိုစတာကပ် လှုပ်ရှားမှုများ ယနေ့မနက်တွင် ပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့တွင်း ရပ်ကွက်နှင့် မြစ်ကြီးနားမြို့အထက်ပိုင်း အူဗျစ်၊ အာလန်၊ ဒွန်ဂန်၊ ကျိန်ခရမ်၊ လုံဂါစွပ်၊ တန်ဖဲ ကျေးရွာတို့တွင် မြစ်ဆုံရေကာတာ စီမံကိန်း ဆန့်ကျင်သည့် ပိုစတာကပ်လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

အေဖိုးဆိုဒ်စာရွက်တွင်  မြစ်ဆုံရေကာတာ အလိုမရှိ၊ အေးရှားဝေါလ်၊ CIP အလိုမရှိ စသည်များကို ဆော့ပင်ဖြင့် ရေးသားကာ အဆိုပါ ဒေသများအတွင်း ကပ်ခဲ့ကြသည်ဟု ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂက တာဝန်ရှိသူ ကျောင်းသားတဦးက ပြောသည်။

“ဒီကနေ့က လုံဂါစွပ်ကျေးရွာမှာ ရေကာတာစီမံကိန်း ဖွင့်ပွဲလုပ်တယ်။ အဲဒါကြောင့် အထက်ပိုင်းမှာ ရှိတဲ့ အူဗျစ်၊ အာလန်၊ ဒွန်ဂန်၊ ကျိန်ခရမ်၊ လုံဂါစွပ်၊ တန်ဖဲ ကျေးရွာ တွေနဲ့ မြို့တွင်းမှာ မြစ်ဆုံရေ ကာတာ အလိုမရှိ၊ အေးရှားဝေါလ်၊ CIP အလိုမရှိ၊ အောက်မှာ AKSU ဆိုပြီး ရေးထားတဲ့ စာရွက်တွေ ကို ကပ်ခဲ့တယ်။ ဖွင့်ပွဲကတော့ ဒီမနက် လုံဂါစွပ်မှာ လုပ်မှာ။ အဆောက်အဦ အကြီးကြီး ဆောက်ထား ပြီးပြီ။”

ယနေ့ပြုလုပ်မည့် မြစ်ဆုံရေကာတာ စီမံကိန်းဖွင့်ပွဲသို့ ဒေသခံလူထုများကို မတက်မနေရ တက်ခိုင်းသည်ဟု အဆိုပါ ကချင်ကျောင်းသားက ပြောသည်။

“အဲဒါကို ကျေးရွာတွေက လူ(၅ဝ)စီ မတက်မနေရ ခေါ်ထားတယ်။ ကချင်ဝတ်စုံနဲ့ပေါ့၊ ရိုးရာဝတ်စုံ တွေနဲ့၊ လီးဆူဆို လီစူး ဝတ်စုံပေါ့၊ မတက်ရင် လျော်ကြေးလုံးဝ မပေးဘူးလို့ ပြောနေတယ်။ မြစ်ကြီး နားမြို့နယ် မယကက အမိန့်နဲ့ တက်ခိုင်းနေတယ်။”

မြစ်ဆုံရေကာတာ စီမံကိန်းကို အေးရှားဝေါလ်ကုမ္ပဏီနှင့် China power Investment (CPI) ကုမ္ပဏီတို့က တာဝန်ယူ ဆောက်လုပ်မည် ဖြစ်ပြီး အဆိုပါ စီမံကိန်းကြောင့် ဒေသအတွင်းရှိ ကျေးရွာများနှင့် ဥယျာဉ်ခြံမြေများ ရေလွှမ်းမိုးမှုခံရမည်ဖြစ်သည်။

ဒေသခံများ၏ နစ်နာမှုအတွက် ကုမ္ပဏီများက လျော်ကြေးပေးမည်ဟု ပြောဆိုထားသော်လည်း မည်မျှ လျော်ပေးမည်ဆိုသည်ကို ယနေ့အချိန်အထိ မပြောသေးပါ။

မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ကချင်တိုင်းရင်းသားများ အထူးတန်ဘိုးထားသည့် မြစ်ဆုံဒေသ ပျောက်ကွယ်သွားမည်ဖြစ်သလို လူနေအိမ်များ နေရာရွေ့ပြောင်း ပေးရမည့် အပြင် ဒေသခံတို့၏  ဥယျာဉ်ခြံများ ဖျက်ဆီးခြင်း ခံရမည် ဖြစ်သည့်အတွက်  ဒေသခံလူထုများ မကျေမနပ်ဖြစ်နေကြသည်။

ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂကလည်း မကြာခဏဆိုသလို မြစ်ဆုံရေကာတာ ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်နေခဲ့သည်။

Most read this week