ကျေးရွာအတွင်းရေးမှူး လုပ်ကြံခံရမှု ဒေသခံပြည်သူများ ဒုက္ခရောက်နေ

ကျေးရွာအတွင်းရေးမှူး လုပ်ကြံခံရမှု ဒေသခံပြည်သူများ ဒုက္ခရောက်နေ
by -
ဇော်ကြီး
ရှမ်းပြည်မြောက်ပိုင်း နောင်ခန်ကျေးရွာ အတွင်းရေးမှူးအား အမည်မသိသေနတ် သမားများက လုပ်ကြံသတ်ဖြတ် သွားသည့်ကိစ္စနှင့်ပတ်သက်၍ ဗျူဟာမှူးမှ တရားခံရှာဖွေ ရာ၌ ဒေသခံပြည်သူများ ဒုက္ခရောက်နေ ...

ရှမ်းပြည်မြောက်ပိုင်း နောင်ခန်ကျေးရွာ အတွင်းရေးမှူးအား အမည်မသိသေနတ် သမားများက လုပ်ကြံသတ်ဖြတ် သွားသည့်ကိစ္စနှင့်ပတ်သက်၍ ဗျူဟာမှူးမှ တရားခံရှာဖွေ ရာ၌ ဒေသခံပြည်သူများ ဒုက္ခရောက်နေကြသည်။

အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်၏ အမိန့်အရ ကွတ်ခိုင်မြို့အခြေစိုက် ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီးမင်းဦးက တရားခံ ဖော်ထုတ်ရန် ဒေသခံ ရွာသားများအား ခေါ်ယူစစ်ဆေးမှုကြောင့် ရွာ သားများ ဒုက္ခရောက် နေကြသည်ဟု မူဆယ်ဒေသခံတဦးက ယခုလိုပြောသည်။

“တိုင်းမှူးက ဗျူဟာမှူးကိုတရားခံရအောင်ဖော်ခိုင်းတယ်လေ။အဲတာ အခုထက်ထိ မမိသေးဘူး။ သူတို့ လိုက်ဖမ်းနေတယ်။ အခု ရွာထဲကခရီးထွက်သွားတဲ့ရွာသားတွေရဲ့ မိန်းမတွေကို ခေါ်စစ်နေတာ။ တရက် ကိုသုံးလေးငါးယောက် မယကရုံးကို ခေါ်ပြီးစစ်ဆေး နေတာ။ နေ့တိုင်းပဲ။”

ထို့ပြင် နောင်ခန်ကျေးရွာရှိ လူငယ်လူလတ်ပိုင်းများကို ခေါ်ယူစစ်ဆေးရာ၌ မသင်္ကာသည့် သူများအား ရိုက်နှက် စစ်ဆေးမှုများရှိသလို ထိမ်းသိမ်းခံထားရသူများလည်းရှိပြီး အဖမ်းခံရ မည်စိုး၍ထွက်ပြေးတိမ်းရှောင် သူများလည်း ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

“တချို့တော့ ပြန်လွှတ်ပေးတယ်။ နှစ်ယောက်သုံးယောက်တော့ မလွတ်သေးဘူး။ မသင်္ကာလို့ဆိုပြီးဖမ်း ထားတာ။ စိုင်းစမ်ပ ဆိုတဲ့တယောက်တော့သိတယ်။ ကျန်တဲ့သူတွေတော့ မသိသေးဘူး။ လေးငါးရက် ရှိပြီဖမ်းထားတာ။ ခုထိမလွတ်သေးဘူး။အဲတာ သူတို့ရွာထဲကလူထုတွေက ကြောက်လို့ဆိုပြီး ထွက်ပြေး ကုန်ကြပြီ။”

ယခုလို စစ်အစိုးရတပ်မှ ရွာသားများအား ခေါ်ယူစစ်ဆေးနေသည့်ကိစ္စနှင့်ပတ်သက်၍ ရှမ်းသံတော်ဆင့်သတင်း စဉ် လက်ထောက် အယ်ဒီတာ ဦးစိန်ကြည်က ယခုလို ပြောသည်။

“အဲဒီကိစ္စဖြစ်ပြီးနောက် နှစ်ရက်သုံးရက်ဆက်တိုက်ပေ့ါ။တရက်ကို ရ ယောက်၊ ၈ ယောက် အနည်းဆုံး ခေါ်ခေါ်သွားတယ်။ စစ်ဆေးမေးမြန်းတာပေ့ါ။ စစ်ပြီးတော့ပြန်လွတ်တယ်။ အဲဒီမှာ ရိုက်နက်တဲ့သူတွေ ဘာတွေရှိတယ်လို့လည်းကြားတယ်။ ဘယ်သူလဲ၊ ဘယ်ဝါလဲ၊ နာမည်ဘယ်လိုခေါ်လဲ၊ အသက်ဘယ် လောက်ရှိပြီလဲ စသည်ဖြင့်စုံစမ်းနေတုန်းပဲ။”

နောင်ခန်ကျေးရွာ အတွင်းရေးမှူး စိုင်းကျော်ညွန့်သည် ယခုလ ၁၇ ရက်နေ့ကကျေးရွာ ဘုံကထိန်ပွဲပြုလုပ်ရန် အ စည်းအဝေးကျင်းပနေစဉ် အခြားကိစ္စတခုပေါ်လာ၍ဇရပ်ပေါ်မှ အဆင်း လုပ်ကြံခံရခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်က နမ့်ခမ်းမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ ဥက္ကဌ စိုင်းကျော်မြင့် လည်း အဆိုပါနောင်ခန် ကျေးရွာအုပ်စု၌ပင် လုပ်ကြံခံခဲ့ရပြီး ဒေသခံများအား စစ်အစိုးရ တပ်မှ ခေါ်ယူစစ်ဆေးခဲ့သည့်အတွက် ရွာသားများ အခက်အခဲဖြစ်ခဲ့ရသည်ဟု မူဆယ် ဒေသခံက ပြောသည်။

Most read this week