ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကချင်ကျောင်းသားများ လှုပ်ရှား

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကချင်ကျောင်းသားများ လှုပ်ရှား
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်နှင့် အထက်တန်းကျောင်း အုတ်နံရံများတွင် ဒေါ်အောင်ဆန်း စုကြည် ချက်ချင်းလွတ်ဟု မှုတ်ဆေးဖြင့်ရေးသည့် လှုပ်ရှားမှုတခုကို ယနေ့ မနက်ပိုင်းတွင် ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့က ပြုလုပ်ခဲ့ ...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်နှင့် အထက်တန်းကျောင်း အုတ်နံရံများတွင် ဒေါ်အောင်ဆန်း စုကြည် ချက်ချင်းလွတ်ဟု မှုတ်ဆေးဖြင့်ရေးသည့် လှုပ်ရှားမှုတခုကို ယနေ့ မနက်ပိုင်းတွင် ကချင်ပြည်လုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့က ပြုလုပ်ခဲ့သည်။

မှုတ်ဆေး အနီရောင်ဖြင့် မြစ်ကြီးနားတက္ကသိုလ် ပင်မအဆောင်အဦအနီးရှိ အုတ်ခုံနှင့် မန်ခိန် အထက်တန်း ကျောင်း ဝင်းအရှေ့ အုတ်နံရံပေါ်တွင် ရေးသားခဲ့သည်ဟု ကချင်ကျောင်းသား သမဂ္ဂမှ တာဝန်ရှိသူတဦးက ပြောသည်။

“တက္ကသိုလ်နဲ့ မန်ခိန် အထကရှေ့ နေရာနှစ်ခုမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ် ဆိုပြီး အဲ ဒီ အောက်က AKSU ဆိုပြီး အင်္ဂလိပ်လိုနာမည်ထိုးထားတယ်။ ကျန်တာ ဘာမှ မရေးဘူး။ အရွယ် အစားကတော့ နည်းနည်းတော့ ကြီးပါတယ်။ ရေးထားတာကို လမ်းဘေးကနေ လှမ်းမြင်နိုင်တယ်၊ တက္ကသိုလ်မှာက သုံးနေရာ လောက်ရေးပါတယ်၊ မန်ခိန်မှာက တနေရာပါ။ ” ဟု ကချင်ကျောင်းသား သမဂ္ဂမှ တာဝန်ရှိသူတဦးက ပြောသည်။

မေလ(၂ဝ)ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်ပေးပါ၊ ၂ဝ၁ဝ ရွေးကောက်ပွဲအလိုမရှိ ဟု အင်္ဂလိပ်နှင့် မြန်မာနှစ်ဘာသာဖြင့် အေဖိုးဆိုဒ်စာရွက်ပေါ်တွင် ရေးပြီး စာကပ်သည့် လှုပ်ရှားမှုကို အဆိုပါ ကချင် ပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့က ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၄င်း၏ နေအိမ်ကို ရေကူးဝင်လာသည့် အမေရိကန်နိုင်ငံသား မစ္စတာ ဝီလျံယက် တောကို လက်ခံထားရှိမှုဖြင့် အင်းစိန်တရားရုံးတွင် တရားစွဲဆိုခံရသည့် အချိန်၌ ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီ အင်အားစုများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆန္ဒပြပွဲများနှင့် အခြားလှုပ်ရှားမှုများကို ဆက်တိုက်လုပ်ဆောင် လျှက် ရှိသည်။

Most read this week