ကျောက်စိမ်းများ ဖမ်းဆီးမှုကြောင့် နယ်စပ်ကျောက်ကုန်သည်များ ထိခိုက်နစ်နာ

ကျောက်စိမ်းများ ဖမ်းဆီးမှုကြောင့် နယ်စပ်ကျောက်ကုန်သည်များ ထိခိုက်နစ်နာ
ကချင်ပြည်နယ် တာမခံ၊ ဖားကန့်ဒေသမှ ထွက်ရှိနေသည့် ကျောက်စိမ်းများကို ယခင်က သတ်မှတ် ဒေသ အတွင်း လွတ်လပ်စွာသယ်ဆောင်ခွင့်ရရှိသော်လည်း ယခုရက်ပိုင်း အာဏာပိုင်များကဖမ်းဆီးနေသဖြင့် ကျောက် ကုန်သည်များ ဆုံးရှုံးနစ်နာပြီး တရုတ်-မြန်မာနယ်စပ် ကျောက်စျေးကွက်ပါ ထိခိုက်လာ ...

ကချင်ပြည်နယ် တာမခံ၊ ဖားကန့်ဒေသမှ ထွက်ရှိနေသည့် ကျောက်စိမ်းများကို ယခင်က သတ်မှတ် ဒေသ အတွင်း လွတ်လပ်စွာသယ်ဆောင်ခွင့်ရရှိသော်လည်း ယခုရက်ပိုင်း အာဏာပိုင်များကဖမ်းဆီးနေသဖြင့် ကျောက် ကုန်သည်များ ဆုံးရှုံးနစ်နာပြီး တရုတ်-မြန်မာနယ်စပ် ကျောက်စျေးကွက်ပါ ထိခိုက်လာနေသည်။

ယခင်နှစ်များက ကျောက်စိမ်းတွင်းမှ ကျောက်များကို ဖားကန့်တွင် အခွန်ဆောင်ကာ မန္တလေး အထိ သယ်နေ ကြသော်လည်း ယခုအခါ ကျောက်စိမ်းတွင်း အထွက်မှာပင် စုပေါင်းစစ်ဆေး ရေး ဂိတ်ဖွင့်ကာ ဖမ်းဆီးနေသည်ဟု ကျောက်ကုန်သည်တဦးက ပြောသည်။

“ မှော်ထဲက ထွက်လာရင် လုံးခင်းအထွက် လယ်ပြင်မှာ ဖမ်းနေပြီ။  အရင်ကလည်း နယ်စပ်ကို ထွက် မယ့်ကျောက်ဆိုရင် ဖမ်းတာပဲ။ အဲလိုဖမ်းတာက ဝိုင်းမော်ကို မကျော်ရဘူး။ မန္တလေး ဘက်ကဆို ပြင်ဦးလွင်ကို မကျော်လာရဘူး။ သတင်းစာထဲမှာကို အမိန့်ထုတ်ထားတာ။  နယ်စပ်ကို ထုတ်မယ့် ကျောက်ကို တားဆီးတဲ့သဘောပေါ့။ အခုက လုံးခင်းအထွက်မှာ ဖမ်းတယ်။  ဗန်းမော်ဘက်မှာလည်း ဖမ်းတယ်၊ မူဆယ်လမ်းကြောင်းမှာ ဖမ်းတယ်။ ဒီကလူတွေ အတော်များများ အဖမ်းခံနေရတယ်၊ ”

နယ်စပ်သို့ သယ်ထုတ်မည့် ကျောက်များကို တားဆီးနေသည့်ကြားက ဒေသခံအာဏာပိုင် များကို လာဘ် ငွေထိုးပြီး သယ်မြဲသယ်ထုတ်နေသည့်အပေါ် အာဏာပိုင်များက စစ်ဆင်ရေး တရပ်အနေဖြင့် တားဆီး ထိန်းချုပ် ခြင်းဖြစ်နိုင်သည် ဟု ကျောက်ပွဲရုံပိုင်ရှင်တဦးက ပြောသည်။

“အခုက ရဲတွေ၊ လဝကတွေ၊ စသုံးလုံးတွေ၊ မယက၊ရယကတွေ အားလုံးပါတယ်၊ အဖွဲ့စုံပေါ့။ အရင်က ညှိလို့ရတယ်။ အခုက ရေပူနဲ့ (၁ဝ၅)မိုင်မှာ ပိုက်စိပ်တိုက်ရှာတာ။  မိရင်လည်း အားလုံး သိမ်းဘဲ။ ကားနဲ့လူကိုတော့ ငွေနဲ့ရွေးပြီးပြန်ထုတ်ပေါ့။ တနင်္ဂနွေနေ့ကထင်တယ်၊ ကားငါးစီး မိသွားတယ်၊ အရင် ရက်က သုံးစီးမိတယ်။ ဘယ်လိုမှ ရွေးလို့ မရတော့ဘူး။ လူတောင် မနည်း လွှတ်အောင် လုပ်နေရ တာ။  အခုက တရုတ်လမ်းကြောတွေကို စစ်ဆင်ရေး တရပ်လို ပိတ်ဆို့ပြီး ပြည်တွင်း စျေးကွက်မြင့် တင်ချင်ပုံရတယ်။”

ဖမ်းမိသည့် ကျောက်စိမ်း အရေအတွက် အတိအကျ မသိသော်လည်း ကားတစီးလျှင် ကျောက်စိမ်းတန်ဖိုး ကျပ် သိန်း ငါးရာအထက် ရှိသည်ဟု ကျောက်ကုန်သည်က ပြောသည်။

“အဖမ်းဆီးခံရတဲ့ ပစ္စည်းအရေအတွက်တော့ မသိဘူး၊ ကားငါးစီးမှာ ဝှက်ပြီး သယ်လာတာ၊ ကျောက် မှာက တန်ဖိုး အတိအကျ မသိနိုင်ဘူးလေ၊ သူတို့ခန့်မှန်းထားတာက ကားတစီးမှာ ကျပ်သိန်းငါးရာ၊ ခြောက်ရာလောက် အနည်း ဆုံးပါတယ်။ ကျနော့်အသိတယောက်ဆိုရင် သိန်းရှစ်ရာလောက်ပါသွား တယ်။ အခြေအနေတော်တော် ဆိုးတယ်။ အိမ်ပေါင်၊ ယာပေါင်နဲ့ ရှိတာလေးရင်းပြီး လုပ်စားတဲ့ ကျောက်ကုန်သည်တွေ အများကြီးရှိတယ်၊ အဲလိုလူတွေ အရင်းပြုတ်ကုန်တာပေါ့။”

ယခုလို ကျောက်အဖမ်းအဆီးများသဖြင့် ကျောက်စိမ်းကယ်ရီသယ်ခမှာ ယခင်က တပိသာ ကျပ်ငါးထောင် ဝန်း ကျင် ရှိနေရာမှ ကျပ်တစ်သောင်းအထိ စျေးတက်သော်လည်း တရုတ်နယ်စပ်သို့ ကျောက်စိမ်း ဝင်ရောက်မှုမှာ ယခုရက်ပိုင်း မရှိသလောက်ဖြစ်နေကြောင်း နယ်စပ်ကျောက်ကုန်သည်များက ပြောသည်။

Most read this week