မြန်မာလိုင်းကားကို မကျေနပ်သဖြင့် ထိုင်းလိုင်းကားသမား ဆန္ဒပြ

မြန်မာလိုင်းကားကို မကျေနပ်သဖြင့် ထိုင်းလိုင်းကားသမား ဆန္ဒပြ
by -
ခွန်အောင်မြတ်
ထိုင်း-မြန်မာနယ်စပ်် မြဝတီမြို့မှ မြန်မာလိုင်းကားများသည် မဲဆောက်မြို့အတွင်းထိ ၀င်ရောက် ပြေးဆွဲနေသည် ကို ကန့်ကွက်သည့်အနေဖြင့် ထိုင်းလိုင်းကား ၃၀၀ ကျော် ချစ်ကြည်ရေးတံတား အနီးတွင် ယနေ့ဆန္ဒပြကြ ...

ထိုင်း-မြန်မာနယ်စပ်် မြဝတီမြို့မှ မြန်မာလိုင်းကားများသည် မဲဆောက်မြို့အတွင်းထိ ၀င်ရောက် ပြေးဆွဲနေသည် ကို ကန့်ကွက်သည့်အနေဖြင့် ထိုင်းလိုင်းကား ၃၀၀ ကျော် ချစ်ကြည်ရေးတံတား အနီးတွင် ယနေ့ဆန္ဒပြကြသည်။

ယနေ့နံနက် ၅ နာရီမှစ၍ မဲဆောက်နှင့် ချစ်ကြည်ရေးတံတားကို ပြေးဆွဲနေသည့် ထိုင်းလိုင်းကားသမားများက ဆန္ဒပြကြခြင်းဖြစ်ပြီး တောင်းဆိုချက်နှင့်ပတ်သက်၍ ကိုယ်တိုင်သွားကြည့်ခဲ့သည့် မြန်မာနိုင်ငံသားတဦးက အခုလို ပြောသည်။

“သူတို့က ထိပ်ဆုံးက ယာဉ်တွေမှာ ထိုင်းစာနဲ့ရေးပြီး သူတို့ရဲ့တောင်းဆိုချက်တွေ ရေးထားတယ်။ အဲဒါနဲ့အဓိပ္ပါယ်နဲ့ပါတ်သက်ပြီးတော့ မေးတဲ့အခါကျတော့ ဒီသူတို့ရဲ့ မော်တော် ယာဉ်လိုင်းမှာ မြန်မာပြည်ကလာတဲ့ မော်တော်ယာဉ်လိုင်းတွေက မှန်လုံကားတွေက လာပြီးပြေး ဆွဲတဲ့အတွက် သူတို့ အတွက် ခရီးသည်နည်းတယ်။ နောက်တခုက ကုန်ပစ္စည်းတွေပါ တင်တာတွေ ဘာတွေပါ အဲဒီကား တွေက လုပ်လာတဲ့အတွက် သူတို့အတွက် ကုန်ပစ္စည်းနဲ့ ပါတ်သက်တဲ့ ရသင့်ရထိုင်တဲ့ အကျိုး အမြတ်တွေ သူတို့အတွက် ပိတ်စေတယ်။ ဒါကြောင့် မြန်မာပြည်က လာတဲ့ မော်တော်ယာဉ်တွေ ပိတ်ဆို့ပေးပါ၊ ဟန့်တားပေးပါဆိုပြီး သူတို့ တောင်းဆိုထားတာ တွေ့ရပါတယ်။”

မြဝတီမြို့မှ ပြေးဆွဲသည့် မှန်လုံကားစီးရေ တိုးများလာသဖြင့် မဲဆောက်မှ လိုင်းကားသမားများ ၀င်ငွေ ကျခြင်း ဖြစ်သည်ဟု မြဝတီနှင့်မဲဆောက် လိုင်းကားပြေးဆွဲနေသည့် မြန်မာကားသမား တယောက်က ပြောသည်။

“အမှန်က ကျနော်တို့ဖက်က လွန်တာဗျ။ ကျနော်က အဲဒါမှန်မှန်ပြောတာ။ ကျနော့်အမြင်က ကျနော် တို့ဘက်က အလွန်ပဲ။ အမှန်မှာ ကားစီးရေသတ်မှတ်ရမယ်၊ သတ်မှတ်သင့်တယ်လေ။ ကားစီးရေ နည်းရင် ဘေးမှာလျှံတဲ့ဟာ သူတို့ကောက်စားလို့ရတယ်လေ။ ဒီသဘောမျိုးပေါ့ လိုင်းကားရဲ့ သဘောက။ အခုက ကားစီးရေများတဲ့အခါကျတော့ ဘေးမှာ ခနကျနော်ပြောသလိုပေါ့ လူကဘေးကို ထွက်ဖို့တောင် မရှိဘူး။ ခရီးသည်တွေက။ ကျနော်တို့ ကားပေါ်မှာကြီးပဲ ခရီးသည်တွေက အဲလိုမျိုး ပေါ့။ ကားအစီးရေ လက်ရှိ အနေအထားက အနည်းဆုံး ကိုးဆယ် လောက်ရှိတယ်။”

ကားစီးရေတိုးများလာသည့်အပြင် ခရီးသည်များကို အိမ်တိုင်ရာရောက် အကြိုအပို့လုပ်ပေးသဖြင့် ခရီးသည်များက ထိုင်းလိုင်းကားကို မစီးတော့ပဲ မြဝတီဖက်ခြမ်းမှ မှန်လုံကားကိုသာ စီးကြသဖြင့် ထိုင်းလိုင်းကား သမားများက မကျေနပ်ခြင်း ဖြစ်သည်ဟု မြန်မာကားသမားက ပြောသည်။

“ကျနော်တို့ဘက်ကတော့ လုပ်သင့်တယ်ပေါ့နော် ဆိုလိုတာက။ သူတို့(ထိုင်း)ဘက်ကတော့ အစီးရေ ဘယ်လောက်လျော့ပေးလို့ ပြောမှာမဟုတ်ဘူး။ ကျနော်တို့ဘက်က နားလည်မှုနဲ့ အစီးရေကို သတ်မှတ်ပြီး လျော့ပေးဖို့ပေါ့။ လျော့သင့်တယ်။ ဥပမာ ၅၀ ဆို ၅၀ ပေါ့နော်။ လျော့ သင့်တယ် အစီးရေ။ ကျနော်တို့ သဘောဆို မဲနှိုက်ရင်လည်း နှိုက်လိုက်ပေါ့။ သူတို့(ထိုင်း) ဘက်က ဘာပဲ ပြောပြော သူတို့တောင်းဆိုမှာက မင်းတို့သယ်လာပေးတယ်။ မင်းတို့ ဆယ်ယောက် သယ်လာရင် သုံးယောက်စာ သူတို့ကိုပေး။ သဘောက ကားခက ၁၅ဘတ်ဖြစ်သွားပြီ ဆိုလို့ရှိရင် သုံးယောက်စာ လေးဆယ့်ငါးဘတ် ပေးလိုက်ပေါ့ လိုင်းကြေးကို။ ကိုယ့်ဘက်က နားလည် ရင်တော့ အစီးရေ လျော့သင့်တယ်။ တဝက်လောက်လျော့သင့်တယ်။”

မဲဆောက်မြို့သို့ မြဝတီမြို့မှ မြန်မာအလုပ်သမား၊ ကုန်သည်နှင့် အရောင်း အဝယ်လုပ်သူများ သည် ယခင်က ချစ်ကြည်ရေးတံတားကို ဖြတ်ကူးပြီး မဲဆောက်မြို့တွင်းသို့ လိုင်းကားဖြင့် စီးသွားရရာ ယခု မြဝတီမြို့မှ မဲဆောက်မြို့တွင်းသို့ မှန်လုံလိုင်းကားများက ပြေးဆွဲကြသည်။

နှစ်နိုင်ငံချစ်ကြည်ရေးတံတား ဖြတ်ကူးခ လူတဦးလျှင် မြဝတီဘက်ကမ်းဂိတ်နှင့် မဲဆောက် ဂိတ်တွင် ၁၅ ဘတ်စီ ပေးဆောင်ရပြီး မြို့တွင်းသို့ လိုင်းကားခ ၁၅ ဘတ် ကုန်ကျပြီး လူတဦး အသွားအပြန် တရက်လျှင် ဘတ်ငွေ ၉၀ ကုန်ကျသဖြင့် အလုပ်သမားများအဖို့ သွာလာနိုင်ခြင်း မရှိသည့်အတွက် ဂိတ်ဖြတ်ကူးခ အပါအဝင် အသွားအပြန် ဘတ် ၅၀ သာ ကုန်ကျသည့် မှန်လုံကားများကိုသာ စီးကြသည်ဟု မြန်မာနိုင်ငံသားများက ပြောသည်။

မြဝတီမြို့မှာ မြန်မာနိုင်ငံသားများ မဲဆောက်မြို့သို့ ရာနှင့်ချီ နေ့စဉ် လာရောက်ကြသည်။

ထိုင်းလိုင်းကားသမားများ ဆန္ဒပြမှုကြောင့် ချစ်ကြည်ရေးတံတားပေါ်တွင် ဖြတ်သန်းသွားလာမှု ပိတ်ထားရပြီး နှစ်ဘက်အာဏာပိုင်များ မည်သို့ညှိနှိုင်းမှု ပြုလုပ်မည်ကို မသိရှိရသေးပေ။

Most read this week