အပစ်ရပ်ကရင်အဖွဲ့ တပ်သားသစ်စု၊ မသွားလျှင် ငွေ ၁၅ သိန်းပေးရ

အပစ်ရပ်ကရင်အဖွဲ့ တပ်သားသစ်စု၊ မသွားလျှင် ငွေ ၁၅ သိန်းပေးရ
by -
ဇော်ကြီး
တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ်မတော် (DKBA)က ၄င်းတို့ထိန်းချုပ်ရာနယ်မြေ အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသည့် အမျိုးသားများကိုတရွာလျှင် ၅ ယောက်နုန်း တပ်ဖွဲ့ဝင်အဖြစ် ကောက်ခံလျှက်ရှိ ...

တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ်မတော် (DKBA)က ၄င်းတို့ထိန်းချုပ်ရာနယ်မြေ အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသည့် အမျိုးသားများကိုတရွာလျှင် ၅ ယောက်နုန်း တပ်ဖွဲ့ဝင်အဖြစ် ကောက်ခံလျှက်ရှိသည်။

ယင်းကောက်ယူမှုသည် မြန်မာစစ်အစိုးရ၏ ဖိအားပေးမှုကြောင့် မဟုတ်ဘဲ ကရင်တမျိုးသားလုံးအတွက် လက်နက်ကိုင်အင်အား ပိုမိုအားကောင်းလာစေရန်ဖြစ်သည်ဟု အမည် မဖော်လိုသည့် ဒီကေဘီအေ အရာရှိက ယခုလိုပြောသည်။

“ကရင်အမျိုးသားရေးမှာ ကရင်စစ်သားများများရှိလေ ပိုကောင်းလေပဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ကရင်တွေက လက်နက်ရှိတာတောင်မှဒီလောက်အနှိမ်ခံနေရတယ်။ လက်နက်သာမရှိရင် ကျနော်တို့ဘဝက တော်တော်ဒုက္ခရောက်မယ်။ သူများပြောချင်တိုင်း ပြော၊ သူများနှိပ်ကွပ်ချင်တိုင်း နှိပ်ကွပ်၊ သူများနှိမ်ချင်သလိုနှိမ် ဆိုတော့အင်အားများလေ ပိုကောင်းလေလို့ ကျနော်အဲလိုပဲ ယူဆတယ်။”

တပ်ဖွဲ့ဝင်မလုပ်လိုသူများ လူစားထိုးခအဖြစ် တဦးလျှင်  မြန်မာကျပ်ငွေ(၁၅)သိန်းပေးရ သည်ဟု DKBA မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ယခုလို ပြောသည်။

“အဲဒီဥစ္စာက ပိုက်ဆံပေးရတာမဟုတ်ဖူး လူစားငှားထည့်ရတာ၊ မသွားချင်တဲ့သူက ၁၅ သိန်း ပေးရ တယ်။”

လူစားငှားထားသူများကို် တာဝန်ကျေပြီးသူများအဖြစ် သတ်မှတ်ပြီးလာမည့်နှစ်များတွင် ထပ်မံကောက်ခံမည် မဟုတ်ဟု ၎င်းကဆက်ပြောသည်။

“အခုလုပ်တာတောင်မှ လူ့အခွင့်အရေးအတွက်ရော၊ ကရင်ပြည်နယ်ရဲ့ကရင့်အမျိုးသားရေး အတွက် တော်တော်လေး ချိုးဖောက်နေပြီလေ ဒါပေမဲ့ လူထုကမလွဲသာ၊ မပြောသာ လို့သာနေနေရတာ ဒီတနှစ်ထည့်ပြီး နောက်နှစ်တခါထပ်ကောက်ရင် လွန်လွန်းအားကြီးလို့် ပေါက်ကွဲမှုတွေ ဖြစ်လာမယ် ဆိုတာ သူတို့သိတယ် ဒါကြောင့်မို့ စာရင်းပါပြီးရင် သူတို့ စာရင်းပြန်မကောက်တော့ဖူး။”

ဗိုလ်မှူးနှုတ်ခမ်းမွှေးဦးဆောင်သည့် ကိုးသုံးလုံးတပ်မဟာလှုပ်ရှားနယ်မြေများ ဖြစ်သည့် မြဝတီခရိုင်အတွင်းရှိ သင်္ကန်းညီနောင်၊ လှုုိင်းဘွဲ့၊ ကော့ကရိတ်မြို့နယ်များတွင် အဓိကထား ကောက်ခံခြင်းဖြစ်သည်ဟု ၎င်းအရာရှိက ပြောသည်။

အလားတူ မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ DKBA လှုပ်ရှားနယ်မြေတွင်လည်းတပ်ဖွဲ့ ၀င်သစ် ကောက်ခံမှုများ ရှိနေပြီး မလုပ်လိုသူများ မြန်မာငွေ(၃)သိန်းပေးရသဖြင့် ဒေသခံများ အခက်အခဲဖြစ်နေသည််ဟု ကရင် ကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေးအဖွဲ့မှ စောထူးကလီ က ယခုလိုပြောသည်။

“လူထုတွေက ဘာမှမပြောရဲဘူး သူတို့လက်အောက်မှာရောက်နေတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တဖက်က နအဖကိုကြောက်ရတယ်၊ တဖက်က ဒီကေဘီအေကို ကြောက်ရတယ် သူတို့ခိုင်းတဲ့အတိုင်း လိုက်လုပ်ပေးရတယ်။”

DKBA တပ်ဖွဲ့သည် လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်မှစတင်၍ တနှစ်လျှင် အင်အားသစ် ၃၈၀ ဦး သတ်မှတ်ကာ ကောက်ယူနေခြင်း ဖြစ်သည်ဟု သိရသည်။

တိုးတက်သောဗုဒ္ဓဘာသာကရင်တပ်မတော် (DKBA) သည် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံးမှ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနှင့် အပစ်ရပ်ပြုလုပ်ကာ ကေအဲန်ယူကို မြန်မာစစ်အစိုးရနှင့် ပူးပေါင်းပြီး တိုက်ခိုက် နေသည့် ကရင်လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

Most read this week