ရှမ်းပြည်တောင်ပိုင်းတွင် ကလေးငယ်များအား ပြည်သူ့စစ် ကောက်ယူနေ

ရှမ်းပြည်တောင်ပိုင်းတွင် ကလေးငယ်များအား ပြည်သူ့စစ် ကောက်ယူနေ
by -
ဇော်ကြီး
ရှမ်းပြည်တောင်ပိုင်း ထိုင်းမြန်မာနယ်စပ် ဟိုမိန်း ဒေသအတွင်းရှိ ကျေးရွာများတွင် အရွယ် မရောက်သေးသည့် ကလေးငယ်များကို ပြည်သူ့စစ် တာဝန်ပေးရန် အဓမ္မ ကောက်ယူလျှက် ရှိသည်။ ဟိုမိန်းနယ်ခြား ကာကွယ်ရေး တပ်ဖွဲ့၏ စစ်ရေးတာဝန်ခံ အိုက်နု ဦးဆောင်သော တပ်ဖွဲ့ဝင် ၆ ဦး ...

ရှမ်းပြည်တောင်ပိုင်း ထိုင်းမြန်မာနယ်စပ် ဟိုမိန်း ဒေသအတွင်းရှိ ကျေးရွာများတွင် အရွယ် မရောက်သေးသည့် ကလေးငယ်များကို ပြည်သူ့စစ်တာဝန်ပေးရန် အဓမ္မကောက်ယူ လျှက်ရှိသည်။

ဟိုမိန်းနယ်ခြား ကာကွယ်ရေးတပ်ဖွဲ့၏ စစ်ရေးတာဝန်ခံ အိုက်နုဦးဆောင်သော တပ်ဖွဲ့ဝင် ၆ ဦးသည် ဒေသ အတွင်းရှိ ဟိုဟ၊ ၀မ်မိုင်၊ မယ်အော့၊ နားမွန်း ရွာများရှိ ရွာသားများအား ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၂၇၊၂၈ ရက် နေ့က ဟိုမိန်းပြည်သူ့ပန်းခြံတွင် အစည်းဝေးခေါ်ပြီး ကလေးငယ်များကို ပြည်သူ့စစ်အဖြစ် ကောက်ယူခဲ့ခြင်း ဖြစ်သည်။

နားမွန်းကျေးရွာရှိ ဒုက္ခိတ မိဘနှစ်ဦးကို လုပ်ကြွေးနေသည့်  အသက် ၁၂ နှစ်အရွယ်် ကလေးငယ်နှင့်အရွယ်တူ ကလေးငယ် ၅ ဦးကို ၎င်းအဖွဲ့က ခေါ်ဆောင်သွားသည်ဟု ဒေသခံ ရွာသားတစ်ဦးက ပြောသည်။

“သူတို့တအားငယ်တာပဲလို့ ဒါပေမယ့် များသောအားဖြင့်ရှိတာကတော့ နားမွန်းမှာလေ၊ နားမွန်းမှာက အသက် ၁၂ နှစ်နဲ့ပဲ အဖေကလည်း ဒုက္ခိတ၊ အမေကလည်းဒီ ခြေထောက် တဖက်သေတယ်ဆိုတော့ အတင်းဆွဲယူသွားတယ်။ ဆွဲယူလည်း ဟိုတယောက်ကငိုတယ်။ အဲနောက်ပြီး သနားလို့ ဆိုပြီးလိုက်ငို နေရတာပဲ တချို့ ကလည်း။”  

ဒေသတွင်းကျေးရွာများရှိ အသက် ၁၂ နှစ်မှ ၄၀ အတွင်း ယောကျ်ားလေးများကိုစာရင်း ကောက်ယူထားပြီး မလာ ရောက်နိုင်သူ၏မိဘများကို ဖမ်းဆီးထားသည်ဟု ၎င်းက ဆက်ပြောသည်။

“အစည်းဝေးလုပ်ပြီးတာနဲ့ သူတို့စာရင်းထဲပါတဲ့ ဒီသားရှိတဲ့ အဖေအမေတွေပေါ့လေ အဓိက ကတော့ အဖေတွေပဲလေ အဲတာဆွဲစိထားတယ် သားမလာမချင်းလွတ်မပေးဘူး ဆိုတဲ့ အကြောင်းပေ့ါနော။”

ဟိုမိန်းဒေသအတွင်းရှိ နေရာတော်များများတွင် ပြည်သူ့့စစ်ကောက်ယူမှုများရှိနေသည့် အတွက််ရွာသားအချို့ တောထဲတွင် ထွက်ပြေးပုန်းရှောင်နေပြီး အချို့မှာ ကျေးရွာကိုစွန့်ခွာ သွားသူများလည်းရှိသည်ဟု ရှမ််းပြည် တပ်မတော် တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မိန်း က ပြောသည်။

“ဟိုမိန်းပိုင်းထဲမှာပဲ ဒီရွာတွေမှ မကဘူးပေ့ါနော စောစောကပြောသွားတဲ့ ၄ ရွာ အဲဒီထဲမှာ မကဘူး ဒီဟိုမိန်းထဲမှာ၊ ဒါကတော့ စာရင်းနဲ့ အတိအကျမရသေးဘူး ၀မ့်လုတ်လေတို့၊ ဖုန်လုံတို့၊ နောင်လျှဲန်တို့၊ နောင်အော့တို့၊ လောင့်မအိုးတို့ ဆိုတာလည်း ဒီလိုပဲ အတင်းရော အဓမ္မပြည်သူ့စစ်ကောက်တာပဲ၊ လောင့်မအိုးဖက်က တချို့လည်း မခံနိုင်လို့ မိုင်းပန်ကို ပြေးပြီးတော့ သွားနေတာ ၅ အိမ်ထောင်စု ရှိပြီပေ့ါ။”

ဟိုမိန်းဒေသသည် ဟိုမိန်းနယ်ခြား ကာကွယ်ရေးတပ်ဖွဲ့အပြင်၊ မြန်မာစစ်အစိုးရအား ဆက်လက် တိုက်ပွဲဝင် နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များလည်း လှုပ်ရှား နေသည့် ဒေသဖြစ်သည့်အတွက် ပြည်သူ့စစ် အတွက် စာရင်းပါရှိသူများသည် အခြား မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကိုမှ ၀င်ရောက်၍မရနိုင်ဟု ဒေသခံများက ပြောသည်။

၁၉၉၆ ခုနှစ် ခွန်ဆာလက်နက်ချပြီးနောက်ပိုင်း ရှမ်းပြည်တောင်ပိုင်း ဟိုမိန်းဒေသကို မဟာကြာဦးဆောင်သော ဟိုမိုးနယ်ခြား ကာကွယ်ရေးတပ်ဖွဲ့က ထိန်းချုပ်ထာခဲ့သည်။

Most read this week