မလေးရှားတွင် မြန်မာ အလုပ်လက်မဲ့ပိုများ၊ အလုပ်သမားနှင့် အေးဂျင့် မပြေလည်

မလေးရှားတွင် မြန်မာ အလုပ်လက်မဲ့ပိုများ၊ အလုပ်သမားနှင့် အေးဂျင့် မပြေလည်
by -
ဇော်ကြီး
မလေးရှားနိုင်ငံ၊ ဂျဟူးဗာဒူးမြို့ရှိ ပလပ်စတစ်စက်ရုံ ခေတ္တပိတ်လိုက်သဖြင့် ယင်းစက်ရုံတွင် အလုပ်လုပ် နေကြသည့် မြန်မာအလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ကာ အခက်အခဲများနှင့် ကြံုတွေ့နေကြရ ...

မလေးရှားနိုင်ငံ၊ ဂျဟူးဗာဒူးမြို့ရှိ ပလပ်စတစ်စက်ရုံ ခေတ္တပိတ်လိုက်သဖြင့် ယင်းစက်ရုံတွင် အလုပ်လုပ် နေကြသည့် မြန်မာအလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ကာ အခက်အခဲများနှင့် ကြံုတွေ့နေကြရသည်။

မလေးရှားသို့ အေးဂျင့်အဆက်အသွယ်ဖြင့် ရောက်ရှိလာသည့် မြန်မာရွှေ့ပြောင်းအလုပ် သမားများသည် အေးဂျင့်ကြေး(ကိုယ်စားလှယ်ခ) ပုံမှန်မပေးချေနိုင်သဖြင့်  အခြားလုပ်ငန်းရှင် တစ်ဦးထံ ပြန်လည်၍ အရောင်း စားခံရနိုင်သည်ဟု အလုပ်သမတစ်ဦးက ပြောသည်။

"အခုဒီမှာ အလုပ်လုပ်နေတာ လုံးဝအဆင်မပြေဘူး ပိတ်ရက်တွေများပြီး လစာထွက်တာ နည်းတယ် ပေ့ါနော်၊ နည်းတဲ့အတွက်မို့လို့ သူကလည်းဖြတ်လို့မရဘူး။ ဖြတ်လို့မရတဲ့အတွက် သူမစားရတဲ့အတွက် သူကတော့ ဒီတိုင်းတော့ငြိမ်မနေဘူးလေ၊ အဲဒီမြန်မာအေးဂျင့် ကပေါ့နော်။ အဲတာကိုတဲ့ သူရောင်း ထားတဲ့ "တာချိုင်း" ဆီက ဒီလကုန်ပေ့ါ နောက်တစ်လ လောက်ပေါ့ သူပြန်ဝယ်မယ်။ ဒီဗမာတွေ အကုန်လုံးကို ပြန်ဝယ်ပြီးတော့ ဒီပြင် သူဌေးကို ရောင်းမယ်။ ရောင်းတဲ့ခါကျရင် လစာထွက်လို့ ပိုက်ဆံ ရရင် သူ ၃၅၀ ဖြတ်လို့ ရမယ်။"

အေးဂျင့်များမှ ၎င်းတို့အားခေါ်ဆောင်လာပြီး စက်ရုံများတွင် အလုပ်သွင်းပေးကာ ကိုယ်စားလှယ်ခကို အရစ်ကျ ပေးဆောင်နေကြရကာ ယခင်အလုပ်ပုံမှန်ရှိစဉ်က အလုပ်သမားတစ်ဦးလျှင် အေးဂျင့်များကို မလေးရှားငွေ ၃၅၀ လစဉ်ပေးကြရသည်။

ယခုလို အခက်အခဲများ ကြံုတွေ့ရချိန်တွင်မူ အေးဂျင့်များက အလုပ်မရှာပေးသည့်အပြင် အခြား အပြင်အလုပ် လုပ်ခွင့် မပြုသဖြင့် စားဝတ်နေရေး ခက်ခဲနေကြရသည်ဟု ၎င်းကဆက်ပြောသည်။

"ကိုယ့်သဘောနဲ့ကိုယ် အပြင်မှာပေါ့နော် အခုလို တန်းတူ ၁၈ ကျပ်ပေးတယ်၊ အပြင်မှာ ကိုယ့်သဘော နဲ့ကိုယ် ရှာလို့မရဘူး။ နောက်ပြီး ရှိထားတဲ့သူတွေကလည်း အများကြီးပဲ တစ်နေရာထဲမှာ ကိုယ့်လူတွေ အများကြီးပဲ အလုပ်က မပေးနိုင်တော့ဘူး။"

ယခုကဲ့သို့ အေးဂျင့်နှင့် အလုပ်သမားများကြား ဖြစ်ပေါ်နေသည့် အခြေအနေကို မလေးရှားရှိ မြန်မာ အလုပ် သမားများ ကူညီရေးအဖွဲ့မှ ကိုအောင်ကျော်ဆက်က ယခုလို သုံးသပ်သည်။

"ကုမ္ပဏီတော်တော်များများက အနှုတ်လက္ခဏာ ပြနေတာတွေများတယ်။ လုပ်ငန်းကိုင်ငန်း မကောင်း ကြတာတွေ များတဲ့ခါကျတော့ သူတို့(အေးဂျင့်)တွေ အနေနဲ့လည်း ဘာမှမလုပ်ပေး နိုင်ကြဘူး၊ ဒါပေမယ့် သူရစရာရှိတဲ့ အကြွေးတွေအကုန်လုံးကိုတော့ သူကတော့ ဖြတ်ယူနေတာ ပေ့ါနော်။"

၎င်းကိစ္စပြေလည်မှုရစေရန် မလေးရှားရှိ မြန်မာအလုပ်သမားကူညီရေးအဖွဲ့များ ဆွေးနွေး တိုင်ပင်၍ အေးဂျင့်များ၊ လုပ်ငန်းရှင်များနှင့် ညှိနိုင်းဆောင်ရွက်ရမည်ဟု ၎င်းကဆက် ပြောသည်။

မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ငါသိန်းခန့်ရှိပြီး တရားဝင်အလုပ်သမား နှစ်သိန်းခန့် ရှိသည်ဟု မြန်မာအလုပ်သမား ကူညီရေးအဖွဲ့များက ခန့်မှန်းကြသည်။

ကမ္ဘာ့စီးပွားရေးဂယက််ကြောင့် မလေးရှားနိုင်ငံရှိ စက်ရုံအချို့ ခေတ္တပိတ်လိုက်ရသည့် အတွက်် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ကာ အခက်အခဲနှင့် ကြံုနေကြရသည်။

Most read this week