မူဆယ်-မန္တလေးလမ်းပေါ်တွင် လက်နက်ကိုင်တစု ဓားပြတိုက်

မူဆယ်-မန္တလေးလမ်းပေါ်တွင် လက်နက်ကိုင်တစု ဓားပြတိုက်
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နှင့် နမ့်ဖတ်ကာအကြား မူဆယ်-မန္တလေး ကားလမ်းမကြီး ပေါ်တွင် ကားဆယ်စီးကို လက်နက်ကိုင်အဖွဲ့တခုက ဓားပြတိုက်သွားခဲ့ပြီး ကုန်ကားတစီး မှာလည်း မီးလောင်ပျက်စီးသွားခဲ့သည်။ ဖေဖေါ်ဝါရီလ ၁၀ရက်နေ့ ညပိုင်းက ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကျေးရွာအကြား ပန်ကျလော့ တောင်ကျော ပေါ်တွင် ...

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်နှင့် နမ့်ဖတ်ကာအကြား မူဆယ်-မန္တလေး ကားလမ်းမကြီး ပေါ်တွင် ကားဆယ်စီးကို လက်နက်ကိုင်အဖွဲ့တခုက ဓားပြတိုက်သွားခဲ့ပြီး ကုန်ကားတစီး မှာလည်း မီးလောင်ပျက်စီးသွားခဲ့သည်။

ဖေဖေါ်ဝါရီလ ၁၀ရက်နေ့ ညပိုင်းက ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကျေးရွာအကြား ပန်ကျလော့ တောင်ကျော ပေါ်တွင် ဓားပြတိုက်မှု ဖြစ်ခဲ့ပြီး ကားတစီးကို ကျပ်ငွေ ငါးသောင်းစီ တောင်းခံခဲ့ကြောင်း မူဆယ်ကားသမား တဦးက ပြောသည်။

“ပန်ကျလော့မှာဖြစ်တာ။ ကွတ်ခိုင်ကထွက်လာပြီး နမ့်ဖတ်ကာမရောက်ခင်မှာ ဖြစ်တာ။ အတက်ကား ကော၊ အဆင်းကားကော ဆယ်စီးလောက် အတားခံရပြီး တစီး ငွေငါးသောင်း တောင်းတယ်။ မူဆယ်ကဆင်းလာတဲ့ ခြောက်ဘီးကား တစီးကတော့ ထွက်ပြေးတော့ ပစ်ခတ် တာတွေဖြစ်သွားတယ်။ အဲဒီကားလည်း မီးလောင်သွားတယ်။ သေနတ်ပစ်လို့ မီးလောင်တာလား၊ မီးဘဲ ရှို့လိုက်တာလား ဆိုတာတော့မသိဘူး။ ပျက်စီးသွားတယ်။”

ယခုနေရာတွင် ဓားပြတိုက်မှုဖြစ်ပွားခဲ့သည်မှာ တလအတွင်း ဒုတိယအကြိမ် ဖြစ်ပြီး ဇန်နဝါရီလ (၂၂)ရက်နေ့ တွင်လည်း အလားတူ ဓားပြတိုက်မှု ဖြစ်သွားသေးသည်ဟု မူဆယ်ကုန်သည် တဦးက ပြောသည်။

“ဒီလမ်းမှာ အခုလို ဓားပြတိုက်တာ အတော်ရှားတယ်။ အခုက တနေရာတည်းမှာဘဲ ဆက်တိုက်ဖြစ် သွားတာ။ လမ်းမှာ စစ်တပ်တွေရှိနေတဲ့ကြားက ဒီလိုဖြစ်တယ်ဆိုတော့ ဓားပြတွေကော ဟုတ်မှဟုတ်ရဲ့ လားဆိုပြီး  သံသယတော့ ဖြစ်နေကြတယ်။ ဒီဘက်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေက အားလုံး ငြိမ်းချမ်းရေးယူထားတယ်။ ပြီးတော့  ဘယ်အဖွဲ့ကိုမှ ဒီလမ်းပေါ်မှာ အခြေချခွင့် မပေးထားဘူး၊ အဲလို လုံခြံုရေးတွေ ကျပ်ထားတာ ရှိတယ်။”

မူဆယ်-မန္တလေးလမ်းမကြီးသည် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးပြုလုပ်ရာ အဓိက လမ်းကြောင်းကြီးဖြစ်ပြီး ပြည်ထောင်စုလမ်းမကြီးအဖြစ် မြန်မာစစ်အစိုးရက သတ်မှတ်ထားသလို လမ်းတလျောက်ရှိ မြို့ရွာများတွင် စစ်တပ်ရင်းများ၊ တပ်စခန်းများ၊ ရဲစခန်းများ ရှိနေသည်။