ကချင်မှပြန်လာသူနှစ်ဦး မင်းပြားတွင် ဖမ်းဆီးထိန်းသိမ်းခံရ

ကချင်မှပြန်လာသူနှစ်ဦး မင်းပြားတွင် ဖမ်းဆီးထိန်းသိမ်းခံရ
by -
နိရဥ္စရာ

ကချင်ပြည်နယ်မှ ပြန်လာသူ ဒေသခံ ရခိုင်အမျိုးသား နှစ်ဦးကို မင်းပြားမြို့နယ်တွင် မတ်လ ၃ ရက်နေ့က သူတို့နေထိုင်ရာ ဒုံးသားကျေးရွာမှ မင်းပြားမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သတင်း ရရှိသည်။

ဖမ်းဆီး ထိန်းသိမ်းခံထားရသူနှစ်ဦးမှာ မင်းပြားမြို့နယ် ဒုံးသားကျေးရွာမှ ဦးသိန်းကျော်အောင် (၃၆ နှစ်) (ဘ) ဦးထွန်းစိန်ဦး (မိ) ဒေါ်မညွန့်နှင့် ကိုသန်းဌေးအောင် (၂၂ နှစ်) (ဘ)  ဦးခေါင်းချွန်းဦး (မိ) ဒေါ်အးချေ တို့ ဖြစ်ကြောင်း သိရသည်။

သူတို့ နှစ်ဦးသည် ကချင်မှ ပြန်လာသည်မှာ တစ်ပတ်ကျော်ခန့် ကြာပြီးနောက် ရဲတပ်ဖွဲ့မှ လာရောက်ခေါ်ယူ သွားခဲ့သည်ဟု ဖမ်းဆီးခံ ဦးကျော်သိန်းအောင်၏ အစ်ကိုဖြစ်သူ တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

“သူတို့ကို ဖမ်းဆီးတယ်ဆိုပေမယ့် ရဲစခန်းထဲမှာ အကျယ်ချုပ် သဘောမျိုး ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။ စခန်းထဲကနေ အပြင်ကိုတော့ ထွက်ခွင့်မရပါဘူး။ မိသားစုတွေနဲ့ တွေ့ခွင့်ရပါတယ်။ ကျွန်တော်ကတော့ သူတို့နဲ့ အတူ စောင့်အိပ် ရပါတယ်” ဟု ပြောသည်။

ဖမ်းဆီးထားသည်မှာ ခုနှစ်ရက်ခန့်ကြာနေပြီး ဖြစ်သော်လည်း ပြန်လည်လွတ်မပေးသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်ဟု သိရသည်။

“ရဲကတော့ သူတို့က စစ်ဆေးပြီးပါပြီ။ သူတို့က သာမန်အရပ်သားတွေ ဖြစ်တယ်ဆိုတာကိုလည်း မင်းပြားရဲတပ်ဖွဲ့ကနေ ပြည်နယ်ကို အစီရင်ခံလိုက်ပြီလို့ သိရပါတယ်။ ဒါပေမယ့် အထက်ကအမိန့် ကျမလာသေးတဲ့အတွက် လွှတ်မပေးနိုင်ဘဲ  ကြန့်ကြာနေတာ ဖြစ်တယ်လို့ ရဲအရာရှိက ပြောပါတယ်” ဟု သူက ပြောသည်။

ဖမ်းဆီးခံထားရသူနှစ်ဦးမှာ ကချင်ပြည်နယ် မိုးကုတ်မြို့နယ် စိုင်းတောင်အနီး   နတ်မော်တွင် အလုပ်လုပ်နေခဲ့သူများဖြစ်ပြီး မိသားစုရှင်ပြုမည်ဖြစ်၍ ပြန်လာခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ကချင်ပြည်နယ်မှာ လှုပ်ရှားနေသည့် ရက္ခိုင့်တပ်မတော် (AA) မှ ရဲဘော်များ ရခိုင်ပြည်နယ်သို့ ၀င်ရောက်လာသည်ဟု ဆိုသည့် သတင်းများ ရရှိပြီးနောက် ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များက  ကချင်က ပြန်လာသူများကို စစ်ဆေး မေးမြန်းမှုများ ရှိနေကြောင်း သိရသည်။

ယခု ဖမ်းဆီးထိန်းသိမ်းခံရသူ နှစ်ဦးမှာ ရိုးမမန္တလာကားဖြင့် မင်းပြားသို့ ပြန်လည်လိုက်ပါလာသူများ ဖြစ်ကြပြီး ယင်းကားသမားထံမှ လိုက်ပါလာသူ စာရင်းကို ရဲက တောင်းယူပြီးနောက် သူတို့နှစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု မင်းပြားဒေသခံ ဦးသိန်းစံက ပြောဆိုသည်။

သူတို့နှစ်ယောက်ကို အခြားအချုပ်သားများနှင့်အတူ ရောထားခြင်းမရှိဘဲ အကျယ်ချုပ်သဘောဖြင့် ထိန်းသိမ်းထားကာ ယင်းကျေးရွာမှ ရွာသား သက်သေတစ်ယောက်ကိုလည်း ရဲစခန်းထဲတွင် အတူအိပ်စေပြီး ရဲကနှိပ်စက်မှု မရှိကြောင်းကို ရှင်းပြနိုင်ရန်ဖြစ်သည်ဟု သူက ဆိုသည်။

ယင်းနှစ်ယောက်ကို ခေါ်ယူထိန်းသိမ်းထိန်းသိမ်းခြင်း မပြုမီ ကချင်ပြည်နယ်ကပြန်လာသော ရခိုင်အမျိုးသား တစ်ဦးကိုလည်း  ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်ဟု ရဲကပြောဆိုကြောင်း သိရသည်။

ရက္ခိုင့်တပ်မတော်မှာ မြန်မာအစိုးရနှင့် အပစ်ရပ်ထားသော အဖွဲ့အစည်းတစ်ခု မဟုတ်သော်လည်း ကျောက်ဖြူ တွင် ပြုလုပ်သော ရခိုင်အမျိုးသားညီလာခံကို တက်ရောက်ခွင့်ရခဲ့သလို ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တွင် ပါ၀င်ခွင့် ရရှိခဲ့သည်။ ဖေဖေါ်ဝါရီလ ၉ရက်နေ့က စတင်ဖြစ်ပွားခဲ့သော ရှမ်းပြည်နယ် လောက်ကိုင်ဒေသ တိုက်ပွဲတွင် ရက္ခိုင့်တပ်မတော်မှ ပါ၀င်ပတ်သက်မှု ရှိနေသဖြင့် နောက်ပိုင်းတွင် အာဏာပိုင်များဘက်မှ သဘောထား ပြောင်းလဲသွားပြီး သူတို့နှင့် ဆက်စပ် လူပ်ရှားမှုများကို အနီးကပ် စောင့်ကြည့် လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

Most read this week