မာန်အောင်မြို့နယ် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး လှံု့ဆော်စာရွက်များကို ရဲက ခွာချ

မာန်အောင်မြို့နယ် ၂၄ နာရီ လျှပ်စစ်မီး ရရှိရေး လှံု့ဆော်စာရွက်များကို ရဲက ခွာချ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် လျှပ်စစ်မီး ၂၄နာရီရရှိရေး စုပေါင်းလက်မှတ်ထိုးကြရန် လှံု့ဆော်သော လှုပ်ရှားမှုတွင် အသုံးပြုနေသော ပိုစတာများကို မာန်အောင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များက မတ်လ ၅ရက်နေ့ ညနေက ခွာယူသွားခဲ့သည်ဟု သိရသည်။

“ဘယ်သူ့ကိုမှလည်း အကြောင်းကြား အသိပေးတာ မရှိဘဲနဲ့ လျှပ်စစ်မီး ၂၄နာရီ ရရှိရေး အတွက် လှုပ်ရှားနေတဲ့ ပိုစတာ ကမ်ပိန်းစာရွက်တွေကို ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံခွာယူသွားပါတယ်။ မြို့ပေါ် ရပ်ကွက်တွေမှာ ကပ်ထားတဲ့ စာရွက်တွေရော၊ ကျနော်တို့ ရခိုင်အမျိုးသားပါတီရဲ့ ခြံဝမှာ ကပ်ထားတဲ့ စာရွက်တွေကိုရော ဖြုတ်ချခွာယူသွားပါတယ်” ဟု မာန်အောင်ဒေသခံ ကိုသန်းနိုင်က ပြောသည်။

Man-Aung

မာန်အောင်မြို့နယ်သည် ကျွန်းပေါ်တွင် တည်ရှိသော မြို့နယ် တစ်ခုဖြစ်သဖြင့် ရခိုင်ပြည်နယ်အား မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမည့် အစီအစဉ်တွင် မပါ၀င်ဘဲ ချန်လှပ်ခံထားရသည်ဟု သိရသည်။ သို့အတွက် နိုင်ငံတော် သမ္မတထံ လျှပ်စစ်မီး ၂၄ နာရီ ရရှိရေးအတွက် ဒေသခံပြည်သူလက် မှတ် နှစ်သောင်းစုဆောင်းပြီး တင်ပြတောင်းဆိုမည့်  လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်နေသည်ဟု သိရသည်။

“ပိုစတာထဲမှာလည်း ဘာမှ အစိုးရကို ဆန့်ကျင်တာ မပါဘူး။ မာန်အောင်မြို့နယ် မီးလင်းဖို့ တစ်မြို့နယ်လုံး လက်မှတ်ထိုးကြစို့ ဆြိုပီး ရေးသားထားတာပါ။ ဒါကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ရဲက ခွာယူသွားတယ်ဆို တာက နားမလည်နိုင်ဘူး” ဟု သူက ဆိုသည်။

မာန်အောင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်ရာ သူတို့အနေနှင့် မသိရှိသေးကြောင်း၊ အရာရှိများမှာ အစည်းအဝေး လုပ်နေသဖြင့် နောက်မှ ဆက်သွယ်ရန် ပြောကြားခဲ့သည်။

Most read this week