မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အား ပြန်လည်ဖွဲ့စည်း

မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အား ပြန်လည်ဖွဲ့စည်း
by -
နိရဥ္စရာ

မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အား ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်၏ လမ်းညွှန်မှုဖြင့် ဖေဖေါ်ဝါရီ ၂၂ ရက်နေ့က မြောက်ဦးမြို့ရှိ နန်းသားကန်ဘုန်းတော်ကြီးကျောင်းတွင် အခမ်းအနားတစ်ရပ် ပြုလုပ်ကာ ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း အဖွဲ့၏ဥက္ကဋ္ဌ ဒေါ်ခင်သိန်းက ပြောသည်။

“ဒီအဖွဲ့ကို ပထမဖွဲ့တဲ့အချိိန်က ပြီးခဲ့တဲ့နှစ်က ရထားလမ်းကိစ္စပေါ်တဲ့အခါ အလောတကြီးနဲ့ဖွဲ့ခဲ့ရတယ်လေ။ အခုတော့ ရခိုင်ပြည်နယ်အစိုးရကလည်း အသိအမှတ်ပြုဖို့အတွက် ဝန်ကြီးချုပ်ကနေ မြောက်ဦးမြို့ မှာ ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို တရားဝင်ဖြစ်အောင်အတွက်၊ ခိုင်ခိုင်မာမာဖွဲဲ့ဖို့အတွက်ပြောလို့ ကျွန်မတို့ ပြန်ဖွဲ့လိုက်တာပါ” ဟု ယင်းက နိရဥ္စရာသို့ပြောသည်။

myanmar MRAUK U

အဆိုပါအဖွဲ့ကို မြို့ပေါ်မှ သံဃာတော်များနှင့် လူထုပရိသတ် ရဝ ခန့်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း အခမ်းအနားသို့ တက်ရောက်ခဲ့သူများက ဆိုသည်။

ယင်းအဖွဲ့အနေဖြင့် ယခုပြည်နယ်အစိုးရ၏ အသိအမှတ်ပြုခြင်းဖြင့် တရားဝင် ပြန်လည်ဖွဲ့စည်းပြီးနောက်ပိုင်း မြို့၏ ရှေးဟောင်းယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင်ကထက် ပိုမိုလုပ်ဆောင်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ဒေါ်ခင်သိန်းက ထပ်ပြောသည်။

“ဒီအဖွဲ့ကို အရင်သူတို့အသိအမှတ်မပြုခင်ကလည်း ကျွန်မတို့ အမြဲတမ်းလုပ်နေတာပဲလေ။ အခုအသိအမှတ်ပြုပြီးတဲ့ နောက်ပိုင်းမှာလည်း ပိုပြီးတော့ အဆင်ပြေလာမယ်၊ အစိုးရအဖွဲ့တွေနဲ့ ထဲထဲဝင်ဝင်ဆက်သွယ်ပြီးတော့ လုပ်ရတာ ပိုကောင်းလာမယ်လို့ထင်တယ်” ဟု ၎င်းက ဆိုသည်။

ယခုအဖွဲ့အား ပြန်လည်ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌအဖြစ် ဒေါ်ခင်သန်း၊ ဒုတိယဥက္ကဋ္ဌ (၂)ဦးဖြစ်သော ဦးသန်းမြင့်နှင့် ဦးမောင်ညွန့်စိန်နှင့် အတွင်းရေးမှူး ဦးမောင်သိန်းလှိုင်တို့မှာ ယခင်က ဖွဲ့စည်းထားသည့်အတိုင်း အပြောင်းအလဲမရှိခဲ့သော်လည်း အခမ်းအနားသို့တက်ရောက်နိုင်ခြင်း မရှိခဲ့သူများ အဖွဲ့တွင်ပါဝင်လာခြင်း မရှိခဲ့ကြောင်းလည်း ဆိုသည်။

“မြောက်ဦးမြို့မှာ လက်ရှိ ရင်ဆိုင်နေရတဲ့ ရှေးဟောင်းယဉ်ကျေးမှုလက်ရာတွေ၊ ရှေ့ဟောင်းသမိုင်းဝင် တံတိုင်းတွေနဲ့ ပုထိုးတော် ဖျက်စီးခြင်းခံနေရတာတွေကို ဘယ်လိုတားဆီး ကာကွယ်ကြမယ်ဆိုတာတွေလည်း ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်”ဟု အခမ်းအနားသို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

အဆိုပါအဖွဲ့သည် မြောက်ဦးမြို့အပြင် ရခိုင်ပြည်နယ်အတွင်းရှိ မည်သည့်နေရာတွင် မဆို ရှေးဟောင်းယဉ်ကျေးမှုနှင့် ပတ်သက်ပြီး ဒြပ်ရှိယဉ်ကျေးမှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအားလုံးကို တတ်နိုင်သလောက် ကူညီဆောင်ရွက် ပေးသွားမည်ဟုလည်း ဒေါ်ခင်သန်းက ပြောသည်။

Most read this week