ရခိုင်နှင့်ဆိုင်သော သမိုင်းဆိုင်ရာ လွဲမှားနေမှု အချက်အလက်အချို့ကို ခေါင်းဆောင်များ ရှင်းလင်း

ရခိုင်နှင့်ဆိုင်သော သမိုင်းဆိုင်ရာ လွဲမှားနေမှု အချက်အလက်အချို့ကို ခေါင်းဆောင်များ ရှင်းလင်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့ NLD ခရိုင်ရုံးတွင် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က  ပြုလုပ်ခဲ့သော  ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ရာပြည့် မွေးနေ့ပွဲ အခမ်းအနားတွင် ဗိုလ်ချုပ်နှင့် ပတ်သက်ပြီး ရခိုင်နှင့်ဆိုင်သော သမိုင်းဆိုင်ရာ လွဲမှားနေမှု အချက်အလက်အချို့ကို ခေါင်းဆောင်များက ရှင်းလင်းပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းကို ရခိုင်ပြည်နယ် မြေပုံညီလာခံ၌ မောင်းထုတ်ခဲ့သည်ဟု လူအချို့ ပြောဆိုနေကြခြင်းမှာ မဟုတ်မှန်ကြောင်း ကဗျာဆရာ ဦးစောသိန်းမောင် (ခွပ်ဒေါင်းနီ)က ပြောသည်။

DSC03127

“မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ရခိုင်ပြည်နယ် မြေပုံမြို့မှာ ပြုလုပ်ခဲ့တဲ့ ညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်း ကို မောင်းထုတ်ခဲ့တယ်လို့ ပြောဆိုနေကြတာ မဟုတ်ပါဘူး။ သခင်စိုးရဲ့တပည့် ရဲနီအောင်လင်းကသာ အဲ့ဒီညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်းကို လက်ညှိုးထိုးပြီးတော့ ဖက်ဆစ်ဂျပန်နဲ့ပေါင်းပြီး ဖက်ဆစ်ဝါဒကို သွင်းလာသူလို့  စွပ်စွဲ ပြောဆိုခဲ့ပါတယ်”ဟု သူကဆိုသည်။

ထို့ပြင် လူအချို့ ပြောဆိုနေကြသည့် မြွေပွေးနဲ့ ရခိုင်ကိုတွေ့လျှင် ရခိုင်ကိုအရင်သတ်ဟု ဗိုလ်ချုပ်အောင်ဆန်း က ပြောခဲ့သည် ဆိုသည်မှာလည်း လုပ်ကြံဖန်တီးထားခြင်းသာဖြစ်ပြီး မည်သို့မျှ အထောက်အထား မတွေ့ရှိရကြောင်း ဦးစောသိန်းမောင်က ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ရိုးသားကြိုးစားပြီး တိုင်းပြည်အတွက် အဓိက အလုပ်လုပ်ကာ မိမိ မိသားစုအရေး ကိုပင် လျစ်လျူရှုထားခဲ့သူ ဖြစ်သည်ဟု ဓမ္မကဌိက ဦးကျော်အေးက ယင်းဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် မွေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

NLDမှ ပြုလုပ်သော ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀)ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ကဗျာပြိုင်ပွဲ၊ စာစီစာကုံး ပြိုင်ပွဲများကို ပြုလုပ်ပေးခဲ့ပြီး စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့မှ ကျောင်းသူကျောင်းသား များနှင့် စာရေးဆရာများက ၀င်ပြိုင်ခဲ့ကြသည်ဟု သိရသည်။

ယင်းအခမ်းအနားကို ကျင်းပရခြင်းရည်ရွယ်ချက်မှာ မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူပြည်သားများအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ကျေးဇူးကို အောက်မေ့သတိရပြီး ဗိုလ်ချုပ်လို စံပြပုဂ္ဂိုလ်ကို အလေးထားကြစေ ရန်ဖြစ်သည်ဟု NLD စစ်တွေဌာနခွဲ အတွင်းရေးမှူးကပြောသည်။

စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးတို့သည် ဗိုလ်ချုပ် အောင်ဆန်းချမှတ်ခဲ့သော လမ်းစဉ်များဖြစ်သည်ဟု ယင်းပါတီ၏ ယင်း အတွင်းရေးမှူးက ဆက်လက်ပြောဆိုသည်။

အခမ်းအနားကို မွန်းလွဲ ၁ နာရီတွင် စတင်ပြီး ၃ နာရီခွဲတွင် ပြီးဆုံးခဲ့သည်။

Most read this week