လောက်ကိုင်ဒေသတိုက်ပွဲအတွင်း တပ်မတော်မှ ၄၇ ဦးကျဆုံး

လောက်ကိုင်ဒေသတိုက်ပွဲအတွင်း တပ်မတော်မှ ၄၇ ဦးကျဆုံး
by -
နိရဥ္စရာ

ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်နယ်မြေအတွင်း ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၂ ရက်နေ့ထိ ဆက်တိုက်ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း မြန်မာတပ်မတော်မှ အရာရှိ၊ အကြပ်နှင့် ရဲဘော်အပါအဝင် စုစုပေါင်း ၄၇  ဦးကျဆုံးခဲ့သည်ဟု  မြန်မာ့တပ်မတော်မှ တရားဝင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၂ ရက်နေ့ထိ တိုက်ပွဲပေါင်း ၁၃ကြိမ် ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ကူမှု များနှင့် လေကြောင်း ပစ်ကူမှု (၅) ကြိမ်တိုင်တိုင် မြန်မာတပ်မတော်က ဆောင်ရွက်ခဲ့ရသည်ဟု သတင်းတွင် ဖေါ်ပြထားသည်။

mai-kan-rocks

တိုက်ပွဲများအတွင်းတပ်မတော်မှ အရာရှိ ၅ဦး၊ စစ်သည် ၄၂ဦး အသက်ပေးလှူခဲ့ပြီး အရာရှိ ၁၁ ဦး၊ စစ်သည် ၆၂ ဦး ဒဏ်ရာ ရရှိခဲ့ကာ မော်တော်ယာဉ် ၅ စီးပျက်စီး ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။

ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တိမ်းရှောင်အဖွဲ့သည် လောက်ကိုင်ဒေသရှိ မျိုးနွယ်တူ နေထိုင်သူများကို အခွင့်ကောင်းယူ၍ နယ်မြေအတွင်း အခြေပြုလှုပ်ရှားနိုင်အောင် ဆောင်ရွက်လာခဲ့ကြောင်း၊ ကိုးကန့်အဖွဲ့နှင့် အတူ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များလည်း ပါ၀င်လှုပ်ရှားလျက်ရှိသည်ဟု သိရကြောင်း၊ ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်နှင့် အခြားလက်နက်ကိုင် အဖွဲ့များသည် ပြည်ထောင်စုနေ့ မတိုင်မီ လောက်ကိုင်မြို့အား သိမ်းပိုက်ပြီး အစိုးရအား အကျပ်အတည်းဖြစ်အောင် ရည်မှန်းချက်ထားဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖေါ်ပြသည်။

တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၃ရက်နေ့က ကာကွယ်ရေးဦးစီးချုပ်ရုံးမှ မီဒီယာများသို့ ပေးပို ့သော သတင်းဖြစ်စဉ်တွင် ဖေဖော်ဝါရီလ ၉ရက်နေ့က စတင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲ စတင်ဖြစ်ပွားရခြင်းမှာ ကိုးကန့် တိမ်းရှောင်အဖွဲ့မှ အင်အားစုအချို့သည် လက်နက်ငယ်ကိုယ်စီကိုင်ဆောင်၍  ကွမ်းလုံမြို့ မြောက်ဘက်ရှိ တောက်ရွှေကျေးရွာသို့ မော်တော်ယာဉ်များဖြင့်ရောက်ရှိလာကာ ကျေးရွာပြည်သူ့စစ်များထံမှ လက်နက်ငယ် ရှစ်လက်အား သိမ်းယူသွားခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်းများမှ သူတို့ထွက်ခွာရာ လမ်းတစ်လျှောက် လိုက်လံရှင်းလင်းရာ ကြိုတင် နေရာယူထားပြီး ယာယီ ခံစစ်ယူထားသည့် ကိုးကန့်တိမ်းရှောင် အင်အားစုများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တိုက်ခိုက်ရေး ရဟတ်ယာဉ်တို့ဖြင့် ပစ်ကူပေးခဲ့ရပြီး တပ်မတော်မှ အရာရှိ လေးဦး၊ စစ်သည် ခုနှစ်ဦးကျဆုံးကာ အရာရှိ ၂ဦး၊ စစ်သည် ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖေါ်ပြသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ တစ်ချိန်တည်းတွင် လောက်ကိုင်ဒေသ ကုန်ကြမ်းနှင့် ညံခွမ်းလမ်း (၁၈)မိုင် တစ်ဝိုက်၌ ကိုးကန့် တိမ်းရှောင်အဖွဲ့မှ အင်အားစုများနှင့် နှစ်ကြိမ်တိုင် ပြင်းထန်စွာ ထိတွေ့တိုက်ပွဲဖြစ်ပွား ခဲ့ရာ မြန်မာတပ်မတော်မှ စစ်သည် ငါးဦးကျဆုံး၍ နှစ်ဦးဒဏ်ရာ ရရှိခဲ့သည်။

မြန်မာ-တရုတ် နယ်နမိတ်မှတ်တိုင် အမှတ် ဘီပီ – ၁၆၁(၁) အနီးရှိ မော်ထိုက်မြို့တစ်ဝိုက် လုံခြံုရေးတာဝန် ထမ်းဆောင်လျက်ရှိသော တပ်မတော်စခန်းအား ကိုးကန့်အဖွဲ့က နှစ်ကြိမ်တိုင် ၀င်ရောက်ပစ်ခတ် တိုက်ခိုက်၍ မြန်မာတပ်မတော်မှ စစ်သည် လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖေါ်ပြထားသည်။

ဖေဖော်ဝါရီ ၁၀ရက်တွင် ညံခွမ်းနှင့် (၁၈)မိုင် ကြားတစ်ဝိုက်တွင် ကိုးကန့်တိမ်းရှောင်အဖွဲ့ အင်အားစုအချို့နှင့် ထပ်မံ၍ တွေ့ဆုံ တိုက်ပွဲဖြစ်ပွားခဲ့ရာ တပ်မတော်မှစစ်သည် ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။ ၄င်းနေရာသို့ တပ်မတော်စစ်ကြောင်းက လောက်ကိုင်မြို့မှ စစ်ကူသွားရောက်ခဲ့ရာ (၁၈)မိုင်နှင့် တာရွှေထန်ကြား၌ ရန်သူအင်အား ၂၀၀ခန့်က အသင့်စောင့်ကြို တိုက်ခိုက်သဖြင့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ခိုက်ရေးရဟတ်ယာဉ်၊ လေယာဉ်တို့ဖြင့် သုံးကြိမ် ပစ်ကူပေးခဲ့သည်။

ရန်သူများသည် ၄င်းည၌ပင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ရှိ နယ်နိမိတ် မှတ်တိုင်အမှတ် ဘီပီ – ၁၁၇ ဘက်သို့ ဆုတ်ခွာသွားကြောင်းသိရှိရသည်။ ယင်းတိုက်ပွဲတွင် အရာရှိတစ်ဦး၊ စစ်သည် ၂၉ဦး ကျဆုံးခဲ့၍ အရာရှိ ၈ဦး၊ စစ်သည် ၃၉ဦး ဒဏ်ရာရရှိခဲ့ပြီး ယာဉ်ငါးစီး ပျက်စီးဆုံးရှုံးခဲ့သည်။

For-TYT2

ထို့ပြင် ၁၈ မိုင်အနီးတွင်လည်း ရန်သူအင်အားစုများနှင့် တွေ့ဆုံတိုက်ပွဲဖြစ်ပွားကာ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် တစ်ကြိမ် ပစ်ကူပေးခဲ့ရပြီး တပ်မတော်မှ အရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

၄င်းနေ့တွင် လော်ကွာကျိုင်းဘက်မှ သောင်းကျန်သူအင်အား ၂၀၀ခန့်သည် ကုန်းကြမ်းဒေသရှိ တပ်ဌာနချုပ်အား ၀င်ရောက် တိုက်ခိုက်ရန်ရှိကြောင်း မြေပြင်သတင်းရရှိသဖြင့် တပ်ဌာနချုပ်နှင့် မိသားစုများလုံခြုံရေးအတွက် လိုအပ်သော တပ်အင်အား ဖြည့်တင်းမှုများကို လေကြောင်းမှ ရဟတ်ယာဉ်ဖြင့် အချိန်မီ ဖြည့်တင်းပေးနိုင်ခဲ့သည်။ မိမိတပ်စခန်းများအား အချိန်မီ အင်အားဖြည့်တင်းပေးနိုင်ခဲ့၍ ရန်သူများအနေဖြင့် အနီးကပ် တိုက်ခိုက်နိုင်ခြင်းမရှိဘဲ ဖေဖော်ဝါရီ ၁၁ရက် ညပိုင်းတွင် အဝေးမှလက်နက်ငယ်များဖြင့်သာ နှောင့်ယှက်ပစ်ခတ်ခဲ့သည်ဟု ဖေါ်ပြသည်။

ဖေဖော်ဝါရီ ၁၀ရက် ညပိုင်းနှင့် ဖေဖော်ဝါရီ ၁၁ရက် နံနက်ပိုင်းတွင် ကိုးကန့်တိမ်းရှောင်အဖွဲ့မှ အင်အားစုအချို့သည် လောက်ကိုင်တပ်နယ်သို့လည်းကောင်း၊ အခြား အင်အားစုအချို့သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးသို့လည်းကောင်း၊ အင်အားစုအချို့သည် ဆီအော့ အကျဉ်းဦးစီးဌာနသို့လည်းကောင်း၊ အင်အားစုအချို့သည် ရန်လုံကျိုင်း ရဲစခန်းသို့လည်းကောင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦး နှင့် ကိုးကန့်ရဲတပ်ဖွဲ့ဝင် ခြောက်ဦး ကျဆုံးခဲ့သည်။

ဖေဖော်ဝါရီ ၁၁ရက် ညပိုင်းနှင့် ၁၂ရက် နံနက်ပိုင်းတွင် ကိုးကန့်တိမ်းရှောင်အဖွဲ့ အင်အားစုအချို့ သည် လောက်ကိုင်တပ်နယ်အတွင်းရှိ တပ်ရင်း/တပ်ဖွဲ့များ၊ ကုန်းကြမ်းရှိ တပ်ရင်းဌာနချုပ်နှင့် ရန်လုံကျိုင်းမဆုတ်တမ်း ခံစစ်စခန်းများအား အနီး/အဝေးမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့ရာ စစ်သည်တစ်ဦး ကျဆုံးခဲ့သည်။

ဖုန်ကြားရှင် ဦးဆောင်သောအဖွဲ့သည် သစ်လွှင်သော ယူနီဖေါင်းများ ၀တ်ဆင်ထားပြီး အသွင်သဏ္ဍန်အရ ခရီးဝေးမှ လာဟန်မရှိဘဲ လန်းဆန်းသည့် အနေအထားရှိကြောင်း၊ အမျိုးအစားကောင်းမွန်သည့် ယာဉ်ငယ်များဖြင့် ရွှေ့ပြောင်းမှုများ ဆောင်ရွက်နိုင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာတွင် ဒုံးပစ်လောင်ချာများနှင့် လက်ပစ်ဗုံးအရေအတွက် အများအပြားသုံးစွဲနိုင်ပြီး လေယာဉ်ပစ် စက်သေနတ်ကြီးများကိုလည်း အဖွဲ့အားလုံးတွင် ဖြန့်ခွဲအသုံးပြုနိုင်ကြောင်း၊ ၎င်းတို့၏ လှုပ်ရှားမှုနှင့် တိုက်ပွဲဝင်သည့် အနေအထားမှာ စနစ်တကျပြင်ဆင် လေ့ကျင့်ထားသူများ ဖြစ်နိုင်ကြောင်း သုံးသပ်ဖေါ်ပြထားသည်။

မြန်မာနယ်စပ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်စစ်သံမှူးထံသို့လည်း သက်ဆိုင်ရာ မြန်မာ အာဏာပိုင်များက ရှင်းလင်းပြောကြားထားသည်ဟု သိရသည်။

ယခုအခါ ရှမ်းပြည်နယ် အစိုးရအဖွဲ့က လောက်ကိုင်ဒေသအား ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိပြီး တပ်မတော်နှင့်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ လောက်ကိုင်မြို့ လုံခြံုရေးအား ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိအခြေအနေမှာ တည်ငြိမ် အေးချမ်းသည့် အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းတွင် ဖေါ်ပြထားသည်။

Most read this week